မိမိကိုယ်တိုင်ကစတင်ပါ

  • Tue, 21 December 2021

    ကောင်းမွန်တဲ့လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတာဟာ ဒီအသိုက်အဝန်းထဲမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားအားလုံးအနေနဲ့ လူမှုဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေကို အတူတ ကွလိုက်နာကြဖို့ လိုပါတယ်။ ဒီစံသတ်မှတ်ချက်တွေထဲမှာ “တာဝန်ယူတတ်ဖို့” က အခြေခံကျတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ တာဝန်ယူတယ်ဆိုတာ မိမိကို ပေးအပ်လာတဲ့ တာဝန်ကို မေ့လျော့၊ လျစ်လျူရှုခြင်းမရှိဘဲ ကျေပွန်အောင်၊ လုပ်ငန်း ရည်မှန်းချက်တွေ အောင်မြင်အောင် မိမိအသိစိတ်နဲ့ ထမ်းဆောင်ခြင်းလို့ မှတ်ယူလို့ရပါတယ်။ 

           တာဝန်ယူတတ်တဲ့ လူမှုအသိုက်အဝန်းတည်ဆောက်ဖို့ဆိုတာ မိမိကိုယ်ကို တာဝန်ယူခြင်း က စတင်ပါတယ်။ မိမိ၏ တာဝန်အဆင့်အတန်းတစ်ခုကို လက်ခံဆောင်ရွက်နိုင်ပြီး မိမိကိုယ်ကို တာဝန်ယူနိုင်တဲ့ အခြေအနေရှိတာဟာ လူ့အဖွဲ့အစည်းအပေါ် တာဝန်ကျေခြင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လို့နေပါတယ်။ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ သင့်လျော်မလျော်အစရှိတာတွေကို ဆင်ခြင်ဆန်းစစ်နိုင်ပြီး လူ့အဖွဲ့အစည်းက လက်ခံနိုင်တဲ့အရာကို ရွေးချယ်ဆုံးဖြတ်နိုင်ရပါမယ်။  ဒါကြောင့် မိမိကိုယ်ကို တာဝန်ယူတဲ့အခါမှာ ဒီအချက်တွေကနေ စတင်စဉ်းစားနိုင်ပါတယ်။

(က)   မိမိရဲ့ ကျန်းမာရေးကို စောင့်ရှောက်တာဝန်ယူမှုရှိခြင်း

(ခ)     ဗဟုသုတအမျိုးမျိုးရှာဖွေရန် စိတ်ပါဝင်စားစွာ လေ့လာသင်ယူခြင်းနှင့် အတွေ့အကြုံ မျိုးစုံကို ကိုယ်တိုင်သင်ယူလေ့ကျင့်ခြင်း

(ဂ)     ကိုယ်၊နှုတ်၊နှလုံး(၃)ပါးလုံးနဲ့ သက်ဆိုင်တဲ့ အပြုအမူအပြောအဆိုတို့ကို တာဝန်ယူမှုရှိခြင်း

(ဃ)    ပေါင်းသင်းဆက်ဆံရေးတွင်တာဝန်ယူမှုရှိခြင်း

(င)     အသုံးပြုသော ပစ္စည်းများအား စနစ်တကျရှာဖွေထိန်းသိမ်းစောင့်ရှောက်မှုရှိခြင်း

(စ)     ခြိုးခြံချွေတာ၍ မိမိ၏ အသုံးစရိတ်ပမာဏကို စနစ်တကျ စီစဉ်သုံးစွဲခြင်း

(ဆ)    အလုပ်တွင် တာဝန်ယူမှုရှိခြင်း

(ဇ)     မိမိရဲ့လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်အပေါ် တာဝန်ယူမှုရှိခြင်း

ဒီအခြေခံအချက်တွေကို လိုက်နာပြီး မိမိကိုယ်ကို တာဝန်ယူနိုင်ပြီဆိုရင် မိမိမိသားစု၊ မိမိပတ်ဝန်းကျင် စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ယူနိုင်သွားမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့၊ တာဝန်ယူတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။

(ကိုးကား - ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်း (ဆရာကိုင်) စာအုပ်)

ဆက်စပ် သတင်းများ