အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး)တို့ ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ ” လူငယ်စကားဝိုင်း ကျင်းပ

  • Wed, 14 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး)တို့ ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ ” လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် အစိုးရနည်းပညာကောလိပ် (မန္တလေး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

     အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်ဒေါက်တာထွန်းထွန်းဦးက အမှာစကား ပြောကြားရာ၌ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်း တို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

       “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့် လျော်ညီသည့်ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့်ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီ ဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်း ရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာ အသုံးချ၍ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီ စောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အစိုးရနည်းပညာကောလိပ် (မန္တလေး) မှ ကျောင်းသား၊ ကျောင်းသူ များက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။

       ဆက်လက်၍ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်က ကျေးဇူးတင်စကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက ကော်မရှင်အမှတ်တံဆိပ်ပါ ပစ္စည်းများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့် တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခြင်း


အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများ က “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း


အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသားတစ်ဦးက သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း


အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့် က ကျေးဇူးတင်စကားပြောကြားခြင်း


ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် အား ကော်မရှင်အမှတ်တံဆိပ်ပါပစ္စည်းများကို လက်ဆောင်ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်အား ကော်မရှင်အမှတ်တံဆိပ်ပါပစ္စည်းများကို လက်ဆောင်ပေးအပ်ခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ