အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့ ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ

  • Fri, 9 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့ ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဖွင့်အမှာစကား ပြောကြားခြင်း


                                                                                                                                                                                                                                                           နေပြည်တော်၊ ဖေဖော်ဝါရီ ၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

        အဆိုပါစကားဝိုင်းတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာရေး ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍမြှင့်တင်ရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ 

အဂတိလိုက်စားမှုသည် လူငယ်များ၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများကို ပိတ်ပင်ပြီး ဘဝအောင်မြင်မှုအထိ နှောင့်ယှက်ဖျက်ဆီးနိုင်သည့်အပြင် လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် တက်ကြွမှုများကိုပါ နှောင့်နှေးသွားစေနိုင်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်ကြရမည်ဖြစ်ပါကြောင်း၊

အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုသည် တိုက်ရိုက်ဆက်နွယ်နေသည့်အတွက် ဖြောင့်မတ်တည်ကြည်မှုမြင့်မားပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုဆိုသည်မှာ မိမိကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်း/ပတ်ဝန်းကျင်မှဖြစ်စေ၊ နိုင်ငံတော်မှ ဖြစ်စေ ချမှတ်ထားသည့်ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများကို မြဲမြံစွာလိုက်နာစောင့်ထိန်းပြုမူခြင်းဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရန် လူငယ်တို့၏ ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များအား ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် လူ့အဖွဲအစည်းသည် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ ကောင်းမွန်သည့်အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ အနေဖြင့် မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်နေ့စဉ်ဘဝတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကြရန် လိုကြောင်း ပြောကြားခဲ့ပါသည်။ 

        ဆက်လက်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ကျောင်းအုပ်ကြီးဒေါက်တာမင်းမင်းထွန်းက ကျေးဇူးတင်  စကားပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသားတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ လူငယ်စကားဝိုင်းမှ ဆွေးနွေးသူ ကျောင်းသား တစ်ဦးက ပြန်လည်ဖြေကြားခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမိုးကျော်သူ အား ကော်မရှင်အမှတ်တံဆိပ်ပါ ပစ္စည်းများကို အမှတ်တရလက်ဆောင်ပေးအပ်ခြင်း


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်သူ က  ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း အား အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခြင်း


အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်း က ကျေးဇူးတင်စကားပြောကြားခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ