သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

  • Wed, 31 January 2024

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက် 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ Theatre ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အဖွင့်အမှာစကားပြောကြားရာ၌ အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် အဂတိ လိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုကို မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် “လာဘ်ပေးလာဘ်ယူမှု” ထက်ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရန်လိုကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းဖြစ်လာစေရန် စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စာသင်ကျောင်းများတွင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုမြောက်သည့်အပြုအမူများကို ဆန့်ကျင်ကန့်ကွက်ခြင်း၊ မိမိကိုယ်တိုင် ကြုံတွေ့လျှင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်တွင် မြင်ရကြားရလျှင်ဖြစ်စေ လက်သင့်မခံဘဲ သတင်းပေးပို့တိုင်ကြားခြင်းစသည့် နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊ လူငယ်များအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာလျက် ဖြောင့်မတ် တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကာ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များဖြင့် ဖန်တီးပုံဖော်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက  အဂတိလိုက်စားမှု၏သဘောသဘာဝများနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေး၏အရေးပါပုံ၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ကျင့်ဝတ်စံနှုန်းနှင့်ဖြောင့်မတ်တည်ကြည်မှုကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဆင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က အဖွင့်အမှာစကား ပြောကြားခြင်း

အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှုဆိုးကျိုးများ၊ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က ကျင့်ဝတ်စံနှုန်းများနှင့်ဖြောင့်မတ်တည်ကြည်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၏ အရေးပါပုံ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


စုံစမ်းစစ်ဆေးရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးအောင်ခန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း



နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖြေကြားခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် မှ ပါမောက္ခချုပ်အား ကော်မရှင်အမှတ်တံဆိပ်ပါပစ္စည်းများကို အမှတ်တရလက်ဆောင်ပေးအပ်ခြင်း


အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ