အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် စကားဝိုင်း ကျင်းပ

  • Thu, 10 August 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်း၍ လူငယ် စကားဝိုင်း ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၀

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အထက-၆ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုများကို အသိပညာပေး၍ တားဆီးကာကွယ်သည့်နည်းလမ်းဖြင့် ရေရှည်မျှော်မှန်းချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းကို ကျောင်းပညာရေးများမှတစ်ဆင့် ဆောင်ရွက်ပါက ထိရောက်မှုရှိသည့် အကျိုးရလဒ်များရရှိနိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဟာ ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့်အတွက် ကိုယ်ကျင့်တရားမြင့်မားရေး၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးတို့ကို အခြေခံပညာမူလတန်းမှစတင်ကာ ထည့်သွင်းသင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍကို သတင်းစာနှင့် ဂျာနယ်မဂ္ဂဇင်းများတွင် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးဆောင်း ပါးများရေးသားခြင်း၊ ရုပ်သံလိုင်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ခြင်း၊ Social Media နှင့် လူမှုကွန်ရက်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာများ အပတ်စဉ်ရေးသားတင်ပြခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ သွားရောက်ပို့ချခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကျင်းပခြင်းစသည့် အသိပညာပေးနည်းလမ်းများဖြင့်လည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်ဟူ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၄(က)တွင် ပြဋ္ဌာန်းထားသည်နှင့်အညီ ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ အထက-၆ မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အထက(ခွဲ) (၂၇)၊ အခြေခံပညာအထက်တန်း ကျောင်း၌ မူလတန်းနှင့် အလယ်တန်း၊ ကျောင်းသား/ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်(ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများနှင့် ပညာပေး(Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို ဖော်ပြဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ