“လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်း ကျင်းပ

  • Tue, 11 July 2023

“လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်း ကျင်းပ


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော် ဇူလိုင် ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးမြင့်လာစေရန်၊ အဂတိလိုက်စားမှုကို လက်သင့်မခံသည့် လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ရန်နှင့် ကျောင်းသားလူငယ်များ၏ အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၂ - ၂၀၂၅ မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းကဏ္ဍ(၁)၊ လုပ်ငန်းစဉ်(၂) ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးအစီအစဉ်များ တစ်နိုင်ငံလုံး ပျံ့နှံ့စေရန်အတွက် “လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ”-

    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်တွင် ပျဉ်းမနား၊ အထက-၄ ၌ ကျင်းပပြုလုပ်သည့် “လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်း အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့်ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်မှု အချက်(၅)ချက်တွင် လေးစားမှု၊ ကူညီစောင်မမှု၊ တရားမျှတမှု၊ ရိုးသားမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ရှိမှုတို့ ပါဝင်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူဘဝကတည်းက အဖွဲ့အစည်းနှင့်ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ် သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်း ရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသောအစုအဖွဲ့ Integrity Pact ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများတည်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာအထက်တန်းကျောင်းများမှ (မူလတန်းနှင့် အလယ်တန်း)အဆင့် ကျောင်းသား/ ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးပို့ချလျက်ရှိကြောင်း၊ ယခုလူငယ်စကားဝိုင်းမှ ဆွေးနွေးပေးလိုက်သည့်အတွေးအခေါ် အယူအဆများကို မိမိတို့ကျောင်း၊ ရပ်ရွာ၊ မြို့နယ်တွေမှာ ထပ်ဆင့်မျှဝေပေးနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ “လူငယ်နှင့်အဂတိ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်မာဖြူ နှင့်အတူ ကျောင်းသား/ ကျောင်းသူ (၃) ဦးတို့က အဂတိလိုက်စားမှုဆိုတာ ဘယ်လိုအရာတွေလဲ၊ အဂတိလိုက်စားမှုဟာ လူငယ်တွေရဲ့အနာဂတ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ လူငယ်တွေအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ စသည့်ကဏ္ဍများအား အသီးသီးဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ ကော်မရှင် အဖွဲ့ဝင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် Keynote Speaker အဖြစ် ဆောင်ရွက်သည့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် က အမှာစကားပြောကြားခြင်း

အခမ်းအနားတွင် အထက(၄)၊ ပျဉ်းမနား မှ ကျောင်းသားတစ်ဦးက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

အခမ်းအနားတွင် အထက(၄)၊ ပျဉ်းမနား မှ ကျောင်းသူတစ်ဦးက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

အခမ်းအနားတွင် အထက(၄)၊ ပျဉ်းမနား မှ ကျောင်းသူတစ်ဦးက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

အခမ်းအနားတွင် အထက(၄)၊ ပျဉ်းမနား မှ တက်ရောက်လာသည့် ကျောင်းသားတစ်ဦးက  သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း

အခမ်းအနားတွင် အထက(၄)၊ ပျဉ်းမနား မှ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက  သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ