အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ

  • Tue, 20 June 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ ဇွန် ၂၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ပျဉ်းမနား၊ အထက-၃ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


    အဆိုပါစကားဝိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်များ၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်တွင် လူကြီးများဖြစ်လာမည့်အတွက် ယခုကစ၍ ပညာအခြေခံကောင်းပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်မှသာ မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့်အသိုက် အဝန်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်ဆိုသည်မှာ မိမိတို့ငယ်စဉ်ကပင် စွဲမြဲစွာနာယူခဲ့သည့် ကျောင်းကောင်စီအဓိဌာန်ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကို လူငယ်များအနေဖြင့် ငယ်စဉ်ကပင် ကိုယ်ပိုင်အသိဉာဏ်ဖြင့် သင်ကြားသိမြင်လာခြင်းဖြင့် ကောင်းမွန်သည့်အလေ့အထများ ရရှိလာမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အဂတိတရား(၄)ပါးနှင့်သက်ဆိုင်သည့် ကျင့်ဝတ်လိုက်နာရန်အရေးကြီးသလို ဖြောင့်မတ်တည်ကြည်မှုရှိရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု၏ကျင့်ဝတ်ဆိုင်ရာ အခြေခံသဘောတရားများဖြစ်သည့် အားလုံးပူးပေါင်းပါဝင်မှု၊ ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်ဆောင်ရွက်နိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် မျှတမှုတို့ကို နားလည်ကြရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး သင်ခန်းစာများကို အခြေခံပညာအထက်တန်း Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများတည်ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ (မူလတန်းနှင့် အလယ်တန်း) အဆင့် ကျောင်းသား/ ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးပို့ချလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး သင်ခန်းစာတွေကို စိတ်ဝင်တစား ကြိုးစားသင်ယူပြီး ရရှိလာသည့်အသိပညာဗဟုသုတများအား မိမိ မိတ်ဆွေအပေါင်းအသင်းများကို မျှဝေပေးစေလိုပါကြောင်း၊ ဖြောင့်မတ်တည်ကြည်ဖို့အတွက် မိမိကိုယ်တိုင်က အစပြုလိုက်နာကြပါလို့ ပြောကြားလိုပါကြောင်း၊ ယခုလူငယ်စကားဝိုင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို မိမိတို့ကော်မရှင်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါ သည်။


၎င်းနောက် Keynote Speaker အဖြစ်ဆောင်ရွက်သည့် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုများကို အသိပညာပေး၍ တားဆီးကာကွယ်သည့်နည်းလမ်းဖြင့် ရေရှည်မျှော်မှန်းချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းကို ကျောင်းပညာရေးများမှတစ်ဆင့် ဆောင်ရွက်ပါက ထိရောက်မှုရှိသည့် အကျိုးရလဒ်များ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဟာ ကိုယ်ကျင့်တရား ဆိုင်ရာပြဿနာတစ်ခုဖြစ်သည့်အတွက် ကိုယ်ကျင့်တရားမြင့်မားရေး၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးတို့ကို အခြေခံပညာမူလတန်းမှစတင်ကာ ထည့်သွင်းသင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍကို သတင်းစာနှင့် ဂျာနယ်မဂ္ဂဇင်းများတွင် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးဆောင်းပါးများရေးသားခြင်း၊ ရုပ်သံလိုင်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ခြင်း၊ Social Media နှင့် လူမှုကွန်ရက်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာများအပတ်စဉ် ရေးသားတင်ပြခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့်သင်တန်းများသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများသွားရောက် ပို့ချခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကျင်းပခြင်း စသည့် အသိပညာပေးနည်းလမ်းများဖြင့်လည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်ဟူ၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၄(က)တွင် ပြဋ္ဌာန်းထားသည်နှင့်အညီ ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။




ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အထက-၃၊ ပျဉ်းမနားကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပြီး နံနက် ၁၀ : ၂၀ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ