အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Monitoring & Evaluation 2nd Basic Training သင်တန်းဖွင့်လှစ်

  • Thu, 21 January 2021

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Monitoring & Evaluation 2nd Basic Training သင်တန်းဖွင့်လှစ်


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဒိန်းမတ်သံရုံးနှင့် UNODC တို့၏ နည်းပညာ အကူအညီပေးရေး အစီအစဉ်အရ Monitoring & Evaluation 2nd Basic Training သင်တန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကော်မရှင်ရုံး စုပေါင်းခန်းမတွင် ၂၁-၁-၂၀၂၁ ရက်၊ ကြာသပတေးနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတကာရေးရာနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ကော်မရှင်ရုံးမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတကာရေးရာနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီ အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈ - ၂၀၂၁)၏ လုပ်ငန်းဧရိယာ(၁)၊ လုပ်ငန်းစဉ် (၂)မှာ "အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ အဂတိလိုက်စားမှု အခြေအနေကို အကဲဖြတ်နိုင်ရန် နှစ်စဉ်ပုံမှန် စစ်တမ်းကောက်ယူခြင်း" ကို ဆောင်ရွက်သွားရန် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ထည့်သွင်းရေးဆွဲထားပါကြောင်း၊ စစ်တမ်းကောက်ယူမှုများမှ တွေ့ရှိချက်များသည် ကော်မရှင်၏ နှစ်စဉ်လုပ်ငန်း အစီအစဉ်ရေးဆွဲရာတွင် များစွာအထောက်အကူ ဖြစ်စေရုံသာမက ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ၏ ဖြစ်ပေါ်တိုးတက်မှုကို စောင့်ကြည့်လေ့လာခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်းများကို လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ ကော်မရှင်၏ နှစ်အလိုက် လုပ်ငန်းအစီအစဉ်များတွင်လည်း M & E ကို ခေါင်းစဉ်တစ်ခု အဖြစ်ထည့်သွင်းထားပါကြောင်း၊ Monitoring & Evaluation ဆိုသည်မှာ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်/ စီမံကိန်းတစ်ရပ်၏ ထိရောက်မှု (Effectiveness)၊ အရည်အသွေးပြည့်ဝမှု (Efficiency)၊ ရေရှည်တည်တံ့မှု (Sustainability) နှင့် သက်ရောက်မှု(Impact)တို့ကို မျက်ခြည်မပြတ်ဘဲ တိုင်းတာနိုင်ရန် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းအစီအစဉ်/ စီမံကိန်းအကောင်အထည် ဖော်ဆောင်သည့် ကာလတစ်လျှောက်လုံးသာမက အကောင်အထည်ဖော်ဆောင်မှု နောက်ပိုင်းကာလလည်း အကျုံးဝင်ပါကြောင်း၊ တစ်ကြိမ်တည်းနှင့် ပြီးခြင်းမျိုး မဟုတ်ဘဲ Continuing Function တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းဒီဇိုင်းချမှတ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ရလဒ်များအပေါ် အနီးကပ်ဂရုတစိုက်ရှိပြီး စနစ်တကျ သုံးသပ်မှုရှိဖို့လိုအပ်ပါကြောင်း၊ ဖော်ထုတ်ချက် (Output) ထုတ်ယူရရှိနိုင်ရုံနှင့် မလုံလောက်ဘဲ အကျိုးရလဒ် (Outcomes) များနှင့် သက်ရောက်မှု (Impact) ကို သုံးသပ်အကဲဖြတ်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အောင်မြင်မှုနှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်မှုတို့ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ Monitoring ဆောင်ရွက်ရန်အတွက် သတ်မှတ်ညွှန်းကိန်းများ (Indicators) အပေါ် ကိန်းဂဏန်းအချက်အလက်ကို စနစ်တကျ ကောက်ယူရန် (Systematic Collection of Data) ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းသို့ တက်ရောက်မည့် ကော်မရှင်ရုံး ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ အမြဲမပြတ် စောင့်ကြည့်ခြင်းနှင့် ကြီးကြပ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ် (Monitoring & Evaluation) စွမ်းရည်များ တိုးတက်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေးသော သင်တန်းဖြစ်သည်နှင့်အညီ မိမိတို့ လေ့လာသင်ယူရမည့် အချက်အလက်များကို သေချာစွာ လေ့လာသင်ယူခြင်းအားဖြင့် လုပ်ငန်းခွင်အတွင်း လက်တွေ့လုပ်ဆောင်ရာတွင် ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်ပြီး အခြားသူများသို့လည်း လက်ဆင့်ကမ်းမျှဝေနိုင်သည်အထိ လေ့လာသင်ယူဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ Anti-Corruption Programme Manager, Ms. Marie Pegie Couchois က ယနေ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွက် ဒုတိယအကြိမ်မြောက် M&E အခြေခံသင်တန်းအတွက် UNODC ကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လက ကျင်းပခဲ့တဲ့ ပထမအကြိမ်သင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းသား/သူများကို ပြန်လည်ဆုံတွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မကြာသေးခင်နှစ်များအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း အဂတိလိုက်စားမှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြဿနာတစ်ရပ်အဖြစ် ဆက်လက်ရှိနေပါကြောင်း၊ အဂတိလိုက်စားမှု၏ သက်ရောက်မှုများကို ခံစားကြရသည်ကိုလည်း သိရှိပါကြောင်း၊ ကော်မရှင်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ကြိုးပမ်းအားထုတ်မှုအဖြစ် Monitoring & Evaluation သင်တန်းမျိုး ဆောင်ရွက်ခြင်းသည် ရှေ့ဆက်လုပ်ဆောင်ရမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပြီးခဲ့တဲ့နှစ်တွင် ကော်မရှင်အနေဖြင့် စီးပွားရေး လုပ်ငန်းများအကြား အဂတိလိုက်စားမှုစစ်တမ်းကို ပြုလုပ်နိုင်ခဲ့တာအတွက် အလွန် ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းတက်ရောက်သူများသည် ထိရောက်သော အချက်အလက် ကောက်ယူမှုများ နှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို လေ့လာသင်ယူရ၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြ Mr. Ryan Winch က  မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ Monitoring & Evaluation 2nd Basic Training သင်တန်းတွင် Survey Methods, Data Collection, Data Analysis, Data Visualization, Statistics Introduction စသော ဘာသာရပ်များကို Online မှတစ်ဆင့် သင်တန်းကာလ (၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ