ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း”

  • Wed, 23 December 2020

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း”


နေပြည်တော်၊ ဒီဇင်ဘာလ ၂၃ ရက်

 

        အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များကို နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီတို့အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၃-၁၂-၂၀၂၀ ရက်နေ့၊ နံနက် (၀၉:၃၀နာရီ၌ နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကောင်စီဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအောင်မြင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင် လေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


        အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ယခု လွှဲပြောင်းပေးအပ် သည့် ရည်ညွှန်းစာစောင်များသည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး အစီအစဉ် အခြေခံပညာ အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်တို့ ဖြစ်ကြောင်း၊ အဆိုပါ ရည်ညွှန်းစာစောင်များသည် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကို သုံးသပ်၍ စနစ်တကျရေးသားပြုစုထားသော စာစောင်များ ဖြစ်ကြောင်း၊ အဆိုပါ ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဘာသာပြန်ဆိုထားခြင်း ဖြစ်ကြောင်း၊ ရည်ညွှန်းစာစောင်များကို ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်များကတော့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံ အားထုတ် တတ်စေရန်၊ အခြေခံ စည်းကမ်းမူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင် အဖွဲ့အစည်း အတွက် အကျိုးပြုသူများ ဖြစ်လာစေရန်၊ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်တဲ့ အတွေးအမြင်များ ရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုတိုင်း အတွက် တာဝန်ယူမှုရှိစေရန်၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူ ဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက် ဖြစ်ပါကြောင်း၊ ဤရည်ညွှန်းစာစောင်များကို ကျယ်ကျယ်ပြန်ပြန့် လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ဖြန့်ဝေ ပေးခြင်း၊ ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


        ၎င်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းမှ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်ထံ နေပြည်တော်ကောင်စီနှင့် ခရိုင်၊ မြို့နယ်များ အတွက် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးအေးမြင့်ထံသို့ နေပြည်တော်စည်ပင် သာယာရေးကော်မတီအတွက် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။


        ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင် အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့တွင် ကြိုးပမ်းဆောင်ရွက်နေသည့် အတွက် ကော်မရှင်၏ လုပ်ဆောင်ချက်များ အောင်မြင်မှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လက်ခံရရှိသည့် ရည်ညွှန်းစာစောင်ပါ အချက် အလက်များကို အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းများတွင် အလျဉ်းသင့်သလို အသိပညာပေး ဆက်လက် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနား ကို နံနက် (၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။



 

ဆက်စပ် သတင်းများ