“ဖြောင့်မတ်တည်ကြည်မှု ” လူငယ်စခန်း ၂၀၁၉ Youth Integrity Camp 2019 ဖွင့်ပွဲအခမ်းအနားကျင်းပ

  • Mon, 3 June 2019

“ဖြောင့်မတ်တည်ကြည်မှု ” လူငယ်စခန်း ၂၀၁၉ Youth Integrity Camp 2019 ဖွင့်ပွဲအခမ်းအနားကျင်းပ


နေပြည်တော် ဇွန် ၃


          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး UNODC ၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ် သည့် “ဖြောင့်မတ်တည်ကြည်မှု ” လူငယ်စခန်း ၂၀၁၉ Youth Integrity Camp 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် UNODC မှ ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဖွင့်အမှာစကားပြောကြားရာတွင် “ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉  Youth Integrity Camp 2019 အား  ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် (၁၄)ခုမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၇ ဦး တက်ရောက်ရေး ဆောင်ရွက်ထား ပါကြောင်း။

          ယခုဖွင့်လှစ်သည့် “ ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင်  လူငယ်ထုပါဝင်  ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့်မတ် တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ယခုပညာပေးလုပ်ငန်းများအပြင်  အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့ Corruption Prevention Unit-CPU အား ဖွဲ့စည်းထားရှိပြီး နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေဖြင့်  ဌာနဆိုင်ရာအရေး ယူခြင်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

          ထို့ပြင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ် (အခြေခံပညာမူလတန်း) ဆရာကိုင်စာအုပ်အချိန်မီ ဖြန့်ဝေသင်ကြားပေးနိုင်ရန်အတွက် လည်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်အား ဖြန့်ဝေရန်ဆောင် ရွက်လျက်ရှိကြောင်း၊  နိုင်ငံတော်အတွက် အဂတိလိုက်စားမှုတာဆီး ကာကွယ်ရေး ယန္တရား တစ်ရပ်အနေဖြင့် ပထမဆုံးထုတ်ပြန်သည့် စာအုပ်များဖြစ်သည့်အတွက်  အကျိုး သက်ရောက်မှုနှင့် သမိုင်းဝင်မှုမှာ သိသာထင်ရှားသည့် စာအုပ်များဖြစ်လာလိမ့်မည်ဟု  မျှော်လင့်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ  အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့အကြားမှာ  အချိန်ကာလအလွန်ရှည်ကြာစွာ ယှဉ်ပြိုင်နေရသည့်  ပြိုင်ပွဲတစ်ခုလိုဖြစ်ပါကြောင်း၊ နောက် မျိုးဆက်များ၏ကာလတွင် အကျင့်ဖောက်ပြန်မှုအပေါ် ဖြောင့်မတ်တည်ကြည်မှုဘက်က အသေအချာ အနိုင်ရရှိအောင် လုပ်နိုင်ရန်မှာ နိုင်ငံတော်အတွက်အရေးကြီးပါကြောင်း၊ အလွှာအသီးသီးရှိ လူငယ်များသည် လူ့အဖွဲ့အစည်းအတွင်းသို့ ဖြောင့်မတ်တည်ကြည် သော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲပေးနိုင်သည့် အခြေခံ အရည်အချင်းများ ရှိနေသဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် လိုအပ် ပါကြောင်း။

 ကမ္ဘာပေါ်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက် နေသော ဒီမိုကရေစီ နိုင်ငံများတွင် ဆောင်ရွက်ရန် အရေးကြီးလုပ်ငန်းများ အများအပြား ရှိနေသည့်ကြားက လူငယ်များ၏ အဂတိတိုက်ဖျက်မှု အစီအစဉ်များနှင့် ဖြောင့်မတ် တည်ကြည်မှုဆိုင်ရာ လူငယ်လှုပ်ရှားမှုများကို အားပေးလျှက်ရှိကြောင်း၊ မျိုးဆက်သစ် လူငယ်များသည် “ အဂတိကင်း၍ ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုတစ်ရပ် ” ကို  ဆောင်ရွက်ပေးနိုင်စွမ်း ရှိလာမည် ဖြစ်ကြောင်း။

          လူငယ်စခန်းက ဖော်ဆောင်သွားရန် သတ်မှတ်ထားသည့် ရည်ရွယ်ချက်များမှာ (၁) အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကို အသိအမှတ် ပြုရန်၊(၂) အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ အကောင်အထည်ဖော် ရာတွင် လူငယ်တို့ ပါဝင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ (၃) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လူငယ်တို့လိုက်နာသင့်သော ကျင့်ဝတ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ ဖြစ်ပါ ကြောင်း ပြောကြားသည်။

          ထို့နောက် အမေရိကန် သံရုံးမှသံအမတ်ကြီး H.E.Mr.Scot Marciel က   Youth Integrity Camp 2019 သည် လူငယ်များ ဂုဏ်သိက္ခာမြင့်မားတိုးတက်ရေးအတွက် ဆောင် ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အမေရိကန်နိုင်ငံမှ ကျောင်းသားလူငယ်များ အားလုံးသည် ဖြောင့်မတ် တည်ကြည်မှုရှိရန်နှင့် အမှန်တရားအတွက် သဘောထားများကို  မဖြစ်မနေသင်ယူ ရကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အစိုးရမှသာ တာဝန် ရှိသည်မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းများ တွင်လည်း တာဝန်ရှိကြောင်း၊ ရံဖန်ရံခါတွင် အဂတိ လိုက်စားမှုရန် ဆွဲဆောင်မှုကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းက အမြင့်ဆုံးစံနှုန်းများ ကျင့်သုံးပြီး အမြဲတမ်းကြိုးစားနေရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ယင်းနောက် UNODC မှ Programme Manager ဖြစ်သူ Ms. Marie- Pegie Cauchois က အဂတိလိုက်စားမှု၊ မညီမျှမှုတွေကိုတိုက်ဖျက်ရန် အနာဂတ်လူငယ်များ၏ စွမ်းအားဖြင့် ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လျှင် များစွာ တိုးတက်မည် ဖြစ်ပါကြောင်း၊ ယခုစခန်းသည် ပထမခြေလှမ်းဖြစ်ပြီး အလားတူ စခန်းများ ထပ်မံဖွင့်လှစ်နိုင်ရေး မျှော်လင့်ကြောင်းပြောကြားသည်။

ထို့နောက် “ဖြောင့်မတ်တည်ကြည်မှု ” လူငယ်စခန်း ၂၀၁၉ ဖွင့်ပွဲအခန်းအနားသို့ တက်ရောက်ကြသော စခန်းဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မိမိတို့တက္ကသိုလ်အလိုက် မိတ်ဆက်ပြီး ဧည်သည့်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုတိယရှေ့နေချုပ်၊ အမေရိကန်သံအမတ်ကြီး ၊ ပညာရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး လက်အောက်ရှိ ဦးစီးဌာန များမှ ညွန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် တက္ကသိုလ်၊ ကောလိပ် (၁၄) ခုမှ စခန်းဝင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၂၀၀ ခန့် တက်ရောက်ကြသည်။

ဆက်စပ် သတင်းများ