အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ကြေငြာချက် (၁ /၂၀၁၈)

  • Thu, 25 January 2018

စာတမ်းဖတ်ကြားဆွေးနွေးပွဲကျင်းပခြင်း

၁။      ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့ Park Royal Hotel ၌ "အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့" (Promote Integrity to Counter Corruption) ဦးတည်ချက်ဖြင့်  စာတမ်းဖတ်ကြားဆွေးနွေးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းကျင်းပခဲ့ ပါသည်။

စာတမ်းဖတ်ကြားသူများ

၂။      စာတမ်းဖတ်ကြားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) Country Manager Mr. Troels Vester တို့က အဖွင့်အမှာစကားနှင့် ကြိုဆို နှုတ်ခွန်းဆက် စကားများအသီးသီး ပြောကြားကြပြီး စီးပွားရေးပညာရှင်များဖြစ်သော ဦးမြင့်၊ ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့က စာတမ်းဖတ်ကြားဆွေးနွေးပွဲခေါင်းစဉ်အပေါ် ဆွေးနွေး ပြောကြားကြပါသည်။

၃။      စာတမ်းဖတ်ကြားဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးမြသိန်း ( နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် (ငြိမ်း))နှင့် စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)တို့က ဦးဆောင် ဆွေးနွေးပြောကြားပြီး စာတမ်းရှင် (၂၇) ဦး တို့က စာတမ်းများ ဖတ်ကြားတင်ပြ၍ ဆွေးနွေးခဲ့ကြပါသည်။ စိတ်ပါဝင်စားသောပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများလည်း စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အကျိုးကျေးဇူးများ

၄။      စာတမ်းရှင်များ၏ စာတမ်းများအပေါ် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ပြန်လည်မေးမြန်း ဆွေးနွေးပြီး အသီးသီး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

၅။      သို့ဖြစ်၍ စာတမ်းဖတ်ပွဲကြောင့် ဗဟုသုတအမြင်များ တိုးပွားရရှိခြင်း၊ ဆောင်ရန်၊ ရှောင်ရန် အသိတရားများ ရရှိခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ရည်မှန်းချက်များ၊ မျှော်လင့်ကျင့်သုံးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

ထောက်ခံချက်များ (Recommendation)

၆။      အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်းနှင့် ပတ်သက်သည့် သတ်မှတ်ချက်များထည့်သွင်းရန်။

( ခ)    ပိုင်ဆိုင်ပစ္စည်းများနှင့်ပတ်သက်ပြီး ကြေညာခြင်း၊ ဝင်ငွေလမ်းကြောင်းနှင့် ကျော်ဇော သတင်းများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် လုပ်ပိုင် ခွင့်နှင့် သတင်းပေးခြင်းအပေါ် အရေးယူခွင့်။

( ဂ)    အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်ပြီး ပညာပေးရေးလုပ်ငန်းကို ကလေးသူငယ်များမှစပြီး ယဉ်ကျေး လိမ္မာသင်တန်းများပေးရေး၊ သတင်းမီဒီယာ၏ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်စွာ ပြောဆိုနိုင်မှုကို မြှင့်တင်ပေးရန်။

(ဃ)    Corruption အဓိပ္ပာယ်ကို မသိပါက နည်းဥပဒေကို ဆောင်ရွက်လို့ မရပါ၊ ဝန်ထမ်း များကိုသာ အဓိကမထားဘဲ စီးပွားရေးကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍကိုပါ ထည့်သွင်းရန် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပညာပေးဆောင်ရွက်ရန်။

( င)    အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ တန်ဖိုးရှိမှု/ အဖိုးတန်မှု ချဉ်းကပ် နည်းလမ်းဖြင့် Anti-Corruption ဆောင်ရွက်ရန်။

( စ)    အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရန်၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှု ပိုမိုတိုးမြှင့်ရန်၊ အထူးသဖြင့် ပစ္စည်းဝယ်ယူ ရေး၊ သဘာဝသယံဇာတများအသုံးချရေးနှင့် ပြည်သူ့ဘဏ္ဍာသုံးစွဲရေးတို့တွင် ပွင့်လင်း မြင်သာစေရန်နှင့် တိုင်ကြားသူမရှိသော်လည်း ကော်မရှင်က အရေးယူခွင့်ရှိရန်။

(ဆ)    အကျင့်ပျက်ခြစားမှုကင်းစင်ရန်၊ ပြည်သူ၊ နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အကြား ယုံကြည်မှုတည်ဆောက်ရန် (Building Trust)

( ဇ)    " Let's go together " " အဂတိလိုက်စားမှု တွန်းလှန်ဖို့  အတူတကွ ပူးပေါင်း ဆောင်ရွက်စို့ "

(ဈ)     Media ကဏ္ဍမြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိရောက် အောင် ဆောင်ရွက်ရေး၊

(ည)    အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန်၊

( ဋ)    အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ လူ့အခွင့်အရေးကို မြှင့်တင်စို့၊

( ဌ)    အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် လူထုပညာပေးရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်၊

( ဍ)    နိုင်ငံခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာ (Political Will) နှင့် နိုင်ငံသားများ၏ နိုင်ငံရေးစေတနာ (Political Will) တို့သည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ နိုင်ငံရေးစေတနာ မကောင်းလျှင် အဂတိလိုက်စားမှုများ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက် ဖြစ်စေကြောင်း၊

( ဎ)    အဂတိလိုက်စားမှုကင်းဝေးစေရန် ကောင်းမွန်သောအုပ်ချုပ်ရေး နှင့် ပွင့်လင်းမြင်သာ မှုရှိရန်၊

(ဏ)   အဂတိတရား (၄) ပါး ကို ရှောင်ရှားသင့်ကြောင်း၊ တရားရုံးများ၏ လုပ်ထုံးလုပ်နည်း များ လျော့နည်းစေသင့်ကြောင်း၊

(တ)    Consumer Education & Consumer Awareness အစီအစဉ်များဆောင်ရွက်ရန်၊

(ထ)    အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ လုံခြုံရေး (Security) ရှိရန်၊

( ဒ)    အဂတိကင်းစင်ရေးအတွက် Awareness, Implementation, Disclosure, Reporting နှင့် Monitoring and Enforcement ရှိရန်၊

( ဓ)   အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူများသည် အစိုးရဝန်ထမ်းများ၏ စားသုံးသူ (Customer) ဖြစ်ကြောင်း အလေးထားရန်၊

( န)    တရားစီရင်ရေးမဏ္ဍိုင်တွင် အဂတိကင်းစင်ရန် လိုအပ်ကြောင်း၊

( ပ)    အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန် ရှိကြောင်း၊

( ဖ)    အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် စီးပွားရေးနယ်ပယ်အပြင် အရပ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊

( ဗ)    စီမံကိန်းလုပ်ငန်းများတွင် အစိုးရအရာရှိကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိရန်၊ အရည်အသွေးစစ်ဆေးရေးကော်မတီတွင် စီမံကိန်းများ လုပ်ဆောင် နေသော အစိုးရဌာနများမှ ကျွမ်းကျင်ပညာရှင်များပါ ထည့်သွင်းပေးရန်နှင့် ပွင့်လင်း မြင်သာစွာ စစ်ဆေးမှုရှိရန်၊

(ဘ)    အကျဉ်းထောင် ဥပဒေနှင့် ပတ်သက်၍ လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများ ထပ်မံ ဆောင်ရွက်ရန်၊

(မ)     အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ပိုမိုအားကောင်းလာအောင် ပြင်ဆင် ရေးဆွဲရန်၊

ဤစာတမ်းဖတ်ပွဲ၏ အောင်မြင်မှု၊ အကျိုးသက်ရောက်မှုများကို အခြေခံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင်ဖွံ့ဖြိုးတိုးတက်ရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပညာပေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စနစ်တကျ ဆောင်ရွက်သွားကြမည် ဖြစ် ပါသည်။ ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်။

                                                                                     အဂတိလိုက်စားမှုတိုက်ဖျက်ရေး

                                                                                                   ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်

နေရာ၊ ရန်ကုန်မြို့

ဆက်စပ် သတင်းများ

-