All Eyes on Turkey

  • Fri, 19 May 2023

(က)        တူရကီနိုင်ငံ၏ သမိုင်းဝင်မည့် သမ္မတရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အနှစ်နှစ်ဆယ် သက်တမ်းရှိ လက်ရှိသမ္မတ အာဒိုဂန် (Recep Tayyip Erdoğan) နှင့် ၎င်း၏ အဓိကပြိုင်ဘက် Kemal Kılıçdaroğlu တို့ကြား အလွန်အရေးပါလှသော ရွေးချယ်မှုတစ်ရပ်ကို ဖြစ်ပေါ်စေသည့်အတွက် အဆိုပါ သမ္မတရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် တနင်္ဂနွေနေ့သည် နိုင်ငံအတွက် ရင်သပ်ရှုမောဖွယ် အခြေအနေကို ဖြစ်စေခဲ့ပါကြောင်း။

(ခ)        သန်းပေါင်းများစွာသော ပြည်သူတို့သည် ရွေးကောက်ပွဲနေ့တွင် မဲပေးရန် လာရောက်ခဲ့ကြသော်လည်း ကိုယ်စားလှယ်လောင်းတစ်ဦးမှ မဲအများစုကို ရယူနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲသည် မေလကုန်တွင် အပြီးအသတ်ဆောင်ရွက်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား လွန်ဆွဲမှုကို ပိုမိုကြာမြင့်စေမည်ဖြစ်ပါကြောင်း။

(ဂ)          သမ္မတအာဒိုဂန်သည် တူရကီသမိုင်းတွင် သက်တမ်းအရှည်ဆုံး သမ္မတဖြစ်ကြောင်း၊ ၎င်း၏ ရာထူးသက်တမ်းအတွင်း အပြန်အလှန်ထိန်းကျောင်းမှုများကို စနစ်တကျ ဖျက်သိမ်းခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်ပြုမူခဲ့သည့်အတိုင်း ပုံမှန်အခြေအနေတစ်ခုသဖွယ် လုပ်ဆောင်ခဲ့ပါကြောင်း၊ ဤအချက်များသည် အဂတိလိုက်စားမှု သဘောထားအမြင် ညွှန်းကိန်း (CPI) တွင် တူရကီနိုင်ငံ၏ ရမှတ်ကျဆင်းစေပြီး အဂတိလိုက်စားမှုကို တိုးမြင့်လာစေပါကြောင်း၊ ၎င်းသည် ၂၀၂၂ ခုနှစ်၌ ရမှတ် ၁၀၀ တွင် ၃၆ မှတ်သို့ ရောက်ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ရမှတ် ကျဆင်းခဲ့ပါကြောင်း။

(ဃ)        Kılıçdaroğlu သည် တူရကီနိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်မှုဆိုင်ရာ စံနှုန်းများကို မြှင့်တင်ရန်၊ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် တာဝန်ခံမှု တိုးမြှင့်ရန် ကတိပြုမှုများနှင့်အတူ သိသာထင်ရှားသော အပြောင်းအလဲများ ပြုလုပ်ရန် တောင်းဆိုမှုများနှင့်အတူ အာဒိုဂန်၏ အဓိက စိန်ခေါ်သူအဖြစ် ပေါ်ထွက်လာခဲ့ပါကြောင်း၊ အထူးသဖြင့် ဖေဖော်ဝါရီလတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ငွေကြေးဖောင်းပွမှု မြှင့်တက်မှုများနှင့် အရေးယူရန် ပျက်ကွက်မှုများနှင့် စပ်လျဉ်း၍ လုံလောက်သော တုံ့ပြန်မှုမရှိသည့်အတွက် အာဒိုဂန်၏ အုပ်ချုပ်မှု အဆုံးသတ်ရန် ပြည်သူအများက မျှော်လင့်ခဲ့ကြပါကြောင်း၊ သို့သော် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၉ ဒသမ ၅ ရာခိုင်နှုန်းရရှိပြီး အာဒိုဂန်အပေါ် ထောက်ခံမှုများသည် ရလဒ်အပေါ် နက်နက်နဲနဲ တွေးတောဆင်ခြင်ရန် လိုအပ်ပါကြောင်း။ 

(င)        မဲများရရှိရန် ကြိုးပမ်းနေသော အာဒိုဂန်သည် အမျိုးသားရေးဝါဒီ ပါတီငယ်များနှင့် ချိတ်ဆက်မှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်စေခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် တတိယနေရာတွင်ရှိသော လက်ယာမဟာမိတ်အဖွဲ့ခေါင်းဆောင် Sinan Oğan ရွေးကောက်ပွဲ ဒုတိယအကြိမ်တွင် Erdoğan သို့မဟုတ် Kılıçdaroğlu ကို ထောက်ခံပြီး ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲမည်ဆိုသည့် အချက်မှာလည်း မသေချာသေးပါကြောင်း။ 

(စ)        ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် တူရကီနိုင်ငံ၌ ကျင်းပခဲ့သော ယခင် ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုမရှိခဲ့ပါကြောင်းနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍ ပါဝင်ပတ်သက်နေပါကြောင်း၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်း အများအပြားကို ဖမ်းဆီးထိန်း သိမ်းထားသောကြောင့် ထိရောက်စွာ မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ တနင်္ဂနွေနေ့ ရွေးကောက်ပွဲအတွင်း မမှန်မကန်မှုများရှိနေသည်ဟုဆိုကာ အတိုက်အခံပါတီများအကြား ယုံကြည်မှုများ ကင်းမဲ့နေဆဲ ဖြစ်ပါကြောင်း။ 

(ဆ)        ယခုနှစ် ရွေးကောက်ပွဲသည် နိုင်ငံတွင်း ရွေးကောက်ပွဲဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုနှင့် စပ်လျဉ်း၍ ကြီးမားသော စိုးရိမ်မှုများကို မီးမောင်းထိုးပြနေပါကြောင်း၊ အာဒိုဂန်သည် ၎င်း၏ သမ္မတသက်တမ်းတစ်လျှောက်လုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရန် တာဝန်ရှိသော အဖွဲ့အစည်းများကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအား သိသာထင်ရှားသော အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံ၏ အရင်းအမြစ်များကို အသုံးပြုခွင့်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဘဏ္ဍာငွေကို စောင့်ကြည့်ထိန်းချုပ်ရန် လုံလောက်သော ယန္တရားများမရှိလျှင် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ခြင်း ခံရနိုင်ခြေရှိပါကြောင်း။

(ဇ)        ယခုကဲ့သို့ တိုင်းပြည်ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေချိန်တွင် မီဒီယာ ထိန်းချုပ်မှုအပေါ် အဓိကစိုးရိမ်မှုတစ်ခု ကျန်ရှိနေဆဲဖြစ်ပါကြောင်း၊ တူရကီ အစိုးရသည် နိုင်ငံလုံးဆိုင်ရာ မီဒီယာများ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထား ကြောင်း၊ မဲဆန္ဒရှင်များ၏ ဘက်မလိုက်ဘဲ သတင်းရယူခွင့်ကို အနှောင့်အယှက် ဖြစ်စေသည်ဟု ဆိုပါကြောင်း၊ အာဒိုဂန်၏ အစိုးရအဖွဲ့သည် လွတ်လပ်သော သတင်းစာပညာကို ထိခိုက်စေပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်သည့် ပြင်းထန်သော မဟုတ်မမှန် လုပ်ကြံမှုဆိုင်ရာ ဥပဒေများကို ယမန်နှစ်တွင် ကျင့်သုံးခဲ့ပါကြောင်း။

(ဈ)        ယခုရွေးကောက်ပွဲ၏ ဖြောင့်မတ်တည်ကြည်မှုသည် အာဏာရှင်စနစ်ကို ဆက်လက်တည်တံ့စေမည် သို့မဟုတ် တူရကီနိုင်ငံ၏ ပြည်တွင်းတွင် သာမက ပြည်ပ၌ပါ လူတော်တော်များများ မျှော်မှန်းထားသည့် ဒီမိုကရေစီအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာမည်ဆိုသည့် အဆုံးအဖြတ်တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သို့ ပြန်လည်ဦးတည်နေပြီလားဆိုသည့်အချက်ကို မေလ ၂၈ ရက်တွင် ထုတ်ဖော်ပြသတော့မည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ကိုးကား- အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့- TI ၏ ၁၉-၅-၂၀၂၃ ရက်စွဲပါ သတင်းလွှာမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

Source ====> Transparency International


ဆက်စပ် သတင်းများ