စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

  • Thu, 25 May 2023

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊  မေ ၂၅  ရက်

    စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ တက်ရောက်သည်။

    ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သောကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သောကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်ကြောင်း၊ “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း”(သို့မဟုတ်)အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုလည်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုများ ဖြစ်ပေါ်စေပါကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့်နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်” ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ယခုလို အစိုးရဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စိတ်စေတနာထက်သန်စွာနဲ့ လိုက်လံကျင်းပပေးနေသည်ကိုလည်း ကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာနတွင် ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်းကြီးများအနေဖြင့် ယခုအခမ်းအနားမှ ရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာပါဝင်ကြရန်တိုက်တွန်းကြောင်း၊ စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အင်ဂျင်နီယာ ပညာရှင်များ၊ စာရင်းအင်းပညာရှင်များ၊ ဆရာဝန်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ဆေးဝါးပညာရှင်များသည် ပြည်သူ့ဝန်ထမ်းများ လေးစားလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအပြင် သက်ဆိုင်ရာ ပညာရပ်ကောင်စီအသီးသီးမှ ပြဋ္ဌာန်းထားသည့် ပညာရှင်များ၏ ကျင့်ဝတ်စည်းကမ်းများကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြောကြားသည်။ 


    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နစ်နာစေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်မှုမျာ းဖြစ်စေနိုင်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာ တွင်ဖြစ်စေ၊ မိမိဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်စေ လုပ်ငန်းစဉ်များအပေါ် အမြဲမပြတ် စောင့်ကြည့်ပြန်လည်သုံးသပ်နေရမည်ဖြစ်ကြောင်း၊ အခြေအနေများသည် အချိန်ကာလနှင့်အမျှ ပြောင်းလဲမှုများရှိသည့်အတွက် Risk Management  များကို ဂရုတစိုက်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာပိုမိုကျယ်ဝန်းပါကြောင်း၊ ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီး လာဘ်ငွေအနည်းငယ်ပေးခြင်း/ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ အဂတိလိုက်စားမှုကို တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်းအဖြစ်သာ လူအများက နားလည်မှတ်ယူခဲ့ကြပါကြောင်း၊ သို့သော် အဂတိလိုက်စားခြင်းသည် ပင်ကိုသဘောအရ အကျင့်ဖောက်ပြန်ခြင်းဖြစ်သည့်အပြင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့်အတွက်ကြောင့် တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းတို့ သာမက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်ဩဇာသုံးခြင်းတို့ ပါဝင်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့၌ ပြင်ဆင်ခဲ့သည့် ဥပဒေအရ အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းမျှသာ မဟုတ်တော့ဘဲ “တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း”ဟူသော အချက်ထပ်မံဖြည့်စွက်ပါဝင်လာပါကြောင်း၊ အဂတိလိုက်စားမှုအဓိပ္ပာယ်ကို ပိုမိုကျယ်ဝန်းစွာဖွင့်ဆိုပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုလေးနက်သည့် နိုင်ငံတော်၏ အကျိုးစီးပွားများ၊ တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေသည့် အခြားအဂတိလိုက်စားမှု ပုံသဏ္ဍာန်များကိုပါ ကော်မရှင်က ထိရောက်စွာ တိုက်ဖျက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို နိုင်ငံ့ဝန်ထမ်းများသာမက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူတစ်ရပ်လုံးက ပိုမိုနားလည် သဘောပေါက်စေရေးနှင့် စိတ်ကျေနပ်အားရမှုဖြစ်စေရေးတို့အတွက် လူမှုမီဒီယာအပါအဝင် သတင်းမီဒီယာများမှတစ်ဆင့် အသံ၊ အရုပ်၊ ပုံစံအမျိုးမျိုးတို့ဖြင့် ရှင်းလင်းဖော်ပြခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများတွင် ရှင်းလင်းဆွေးနွေးခြင်းနှင့် ဥပဒေစာအုပ်များကို အခမဲ့မျှဝေပေးခြင်း၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများမှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများထံ ဥပဒေစာအုပ်များ ဖြန့်ဝေပေးခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းစသည်တို့ဖြင့် ပညာပေးခြင်းလုပ်ငန်းတို့ကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အပေါ် ကျရောက် လာနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို တားဆီးကာကွယ်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ကျေကျေညက်ညက် လေ့လာထားသင့်ပါကြောင်း၊   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဂ)တို့တွင် ကော်မရှင်အား သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်တာဝန်ပေးထားသည့်အတွက် ပညာပေးရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုသည် ပြည်သူလူထု၏ ယုံကြည်မှုကိုရယူခြင်းနှင့် ထိုယုံကြည်မှုကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်း (၃၈)ခုနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ (၁၄)ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားသည့် ဌာနများနှင့် ညှိနှိုင်း၍ လုပ်ငန်းတာဝန်(၃)ရပ်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်(၆)ရပ်တို့ကို ချမှတ်ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့် အတွက် ယခုလို ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်သည့်အပြင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်ကို ရိုးသား ဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် Video Clip အား ပြသသည်။


အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။





ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးရာ တက်ရောက်သူများမှ သိရှိလိုသည်များနှင့် မရှင်းလင်းသည့်အချက်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အသေးစိတ် ပြန်လည်ရှင်းလင်း၍ အသိပညာပေး ရှင်းလင်းဆွေနွေးခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်စပ် သတင်းများ