အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Sun, 21 May 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော်   မေ‌  ၂၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အဖွင့်စကား ပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပဲခူးတိုင်းဒေသကြီးသို့ လာရောက်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပရာတွင် လာရောက်ဆွေးနွေးပွဲသည့်အတွက် အစိုးရဌာန/အဖွဲ့အစည်းများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် အဂတိလိုက်စားမှုဟု သတ်မှတ် နိုင်သည့် ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို သိရှိနားလည်ကာ ရှောင်ကြည်လာနိုင်မှာဖြစ်ပါကြောင်း၊ 

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU)ကို အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ချက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ လွှဲပြောင်းပေးပို့လာသည့် တိုင်ကြားစာများအပေါ် ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်မှုများပြုလုပ်လျက်ရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ သတ်မှတ်ရက်နေ့အတွင်း အကြောင်းပြန်ကြားနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေကြီးအဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းမှုအပြင် ခရိုင်၊ မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ထားရှိပါကြောင်း၊ 

    ယနေ့ အခမ်းအနားတွင် ခရိုင်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ပါဝင်ပြီး ဆွေးနွေးပွဲမှ ရရှိသည့် အသိပညာ ဗဟုသုတများကို မြို့နယ့်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များသို့ ဆင့်ပွားသင်တန်းပေးရန်လိုအပ်ကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် မိမိမိသားစု၊ ပတ်ဝန်းကျင်တွင် အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ ဆက်လက်မျှဝေပေးခြင်းများ ဆောင်ရွက်သွားရန် ဖြစ်ပါ‌ကြောင်း ပြောကြားပါသည်။


    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများကို ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုခံစားကြရပါကြောင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နစ်နာစေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာအကြောင်းအရာများပေါ် ဆိုးကျိုး သက်ရောက်မှုများ ဖြစ်စေနိုင်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာမှာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အဂတိလိုက်စားမှုများ မဖြစ်ပေါ် စေရေးအတွက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

    ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းသည် အခြေခံအချက်များဖြစ်သည်ကိုလမ်းညွှန်ခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း များတွင် ဝန်ဆောင်မှုလာရောက် ရယူကြတဲ့ ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ စာတို (Short Message Service-SMS) ပေးပို့၍ ဝန်ဆောင်မှုလုပ်ငန်း နှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူခြင်း ဖြစ်ပါကြောင်း၊ SMS ပေးပို့ရာ မှာလည်း Short Code “1111” အသုံးပြုပြီး ပေးပို့မေးမြန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။


ဆက်လက်၍‌ ကော်မရှင်ရုံးက တာဝန်ရှိသူများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ အခမ်းအနားသို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၉၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး နေ့လယ် (၁၂:၂၀) နာရီတွင် အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။



ဆက်စပ် သတင်းများ