“တင်းတိမ်ရောင့်ရဲခြင်းဖြင့် အဂတိကင်းစေမည်”

  • Tue, 9 May 2023

သန္တုဋ္ဌိစ

    “တင်းတိမ်ရောင့်ရဲခြင်း” ဆိုသည်မှာ ပါဠိဘာသာစကား သန္တုဋ္ဌိမှ ဆင်းသက်လာခြင်းဖြစ်သည်။ “သံ” ဆိုသည်မှာ “ကိုယ့်ရှိတာ၊ ကိုယ့်ပိုင်တာ၊ တရားသောနည်းနဲ့ရတာ” ဟု အဓိပ္ပာယ်ရပြီး “တုဋ္ဌိ” ဆိုသည်မှာ “နှစ်သက်ခြင်း” ဟု အဓိပ္ပာယ်ရသဖြင့် “သန္တုဋ္ဌိ” ဆိုသည်မှာ “ကိုယ့်ရှိတာ၊ ကိုယ့်ပိုင်တာ၊ တရားသောနည်းနဲ့ ရတာတွေကို နှစ်သက်ခြင်း”ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သန္တုဋ္ဌိစ “တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာမည်၏”ဟု (၃၈)ဖြာ မင်္ဂလာတရားတော်တွင် ဆုံးမထားခြင်းဖြစ် သည်။ 

    လောကတွင် အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် ပစ္စည်းဥစ္စာ ရှာဖွေကြရသည်။ ပစ္စည်းဥစ္စာဆိုသည်မှာ ပိုင်ဆိုင်သူ၏ စိတ်ကိုချမ်းသာစေမှသာလျှင် စစ်မှန်သော ပစ္စည်းဥစ္စာ ဖြစ်သည်ဖြစ်ရာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရှာဖွေစုဆောင်းထားသည့် ပစ္စည်းဥစ္စာနှင့်ပင် စိတ်ချမ်းသာအောင် နေတတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ မင်္ဂလာတရားတော်နှင့်အညီ တင်းတိမ်ရောင့်ရဲခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုမည်ဆိုပါက လောဘကင်းကာ မတရားသော နည်းလမ်းဖြင့် ပစ္စည်းဥစ္စာရှာဖွေလိမ့်မည် မဟုတ်ပေ။

မတော်လောဘ

    လူဆိုသည်မှာ “စား၊ ဝတ်၊ နေရေး” အရေးသုံးပါးကို မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို မဖြစ်မနေလုပ်ကြရသည်။ ထိုအလုပ်မှရသော ဝင်ငွေဖြင့် “စား၊ ဝတ်၊ နေရေး” ပြဿနာကို ရင်ဆိုင်ဖြေရှင်းကြရာတွင် လောဘတက်ကာ “အစား အသောက်” အတွက် စားကောင်း သောက်ဖွယ်၊ “အဝတ်” အတွက် တန်ဖိုးကြီး အဝတ်အထည်၊ အသုံးအဆောင်နှင့် “နေထိုင်ရေး” အတွက် တိုက်တာ၊ အိုးအိမ်တို့အပေါ်တွင် လိုသည်ထက်ပို၍ တွယ်တာမက်မောမှုများရှိလာတတ်ကြသည်။ ပစ္စည်းဥစ္စာအပေါ် တွယ်တာမက်မောမှု၏နောက်တွင် လိုချင်တပ်မက်မှု “လောဘ” ကပ်ပါလာကာ သမာအာဇီဝဖြင့်ရသော ဝင်ငွေပေါ်တွင် တင်းတိမ်‌ရောင့်ရဲနိုင်ခြင်း မရှိတော့ဘဲ မတရားသော နည်းလမ်းဖြင့် ဝင်ငွေရှာတတ်လာကြသည်။ သမ္မာအာဇီဝ ဖြင့်ရရှိသော ဝင်ငွေသည် မွန်မြတ်သန့်ရှင်း၍ မတော်လောဘတက်ကာ မတရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော ဝင်ငွေသည် မသန့်ရှင်းသော လာဘ်ငွေတံစိုးပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

ရွှေဟင်္သာကပေးသောဥပမာ

    လောဘ၏ သဘောသဘာဝသည် အတောမသတ်ဖြစ်သည်။ ၎င်း၏အလိုကို မည်မျှပင် ဖြည့်ဆည်းပေးစေကာမူ ပြည့်စုံခြင်းမရှိပေ။ ပင်လယ်သည် ၎င်းထံသို့ စီးဝင်သမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များက ရေကို လက်ခံရရှိနေသော်လည်း ရေပြည့်သွားခြင်း မရှိသကဲ့သို့ လောဘပြည့်နှက်သွားသည့်အခါ မည်မျှပင် ပစ္စည်းဥစ္စာရှာဖွေရရှိစေကာမူ ပြည့်စုံသည်၊ တင်းတိမ်ရောင့်ရဲသည် မရှိနိုင်သည်ကို သတိချပ်သင့်သည်။

    ဘုရားအလောင်း ရွှေဟင်္သာဘဝက ဘဝဟောင်းတွင် ဇနီးတော်စပ်ခဲ့ဖူးသူ မိသားစုအနေဖြင့် ဆင်းရဲနေသည်ကို မကြည့်ရက်နိုင်သဖြင့် အခါအခွင့်သင့်တိုင်း ရွှေအတောင်တစ်ခုစီကို ၎င်းကိုယ်ပေါ်မှ နုတ်ပေးကာ ချမ်းသာစေခဲ့သည်။ သို့ရာတွင် ဇနီးတော်စပ်ဖူးသူ၏ မိသားစုသည် ကံပေး၍ရသော ရွှေအတောင်တစ်ခုတည်းနဲ့ တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ လောဘတက်ကာ ရွှေဟင်္သာကိုဖမ်း၍ တစ်ကိုယ်လုံးက အမွှေးများကို နုတ်ယူရာ ရွှေအတောင်မဟုတ်ဘဲ သာမာန်ငှက်အမွှေးများသာ ဖြစ်ကုန်၏။ ရသင့်ရထိုက်သည်ကို တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ မရသင့် မရထိုက်သည်ကို မတော်လောဘတက်ကာ လိုချင်မိသဖြင့် ပုံမှန်ရနေကျ ရွှေအ‌တောင်ပင်မရ တော့သည်ကို သတိမူသင့်ပေသည်။

မသောက်သင့်သော မိုးခါးရေများ

    “လူ့ဘဝတွင် ပစ္စည်းဥစ္စာပြည့်စုံကာ ချမ်းသာကြွယ်ဝစေရန် မဖြစ်မနေ ကျားကုတ်ကျားခဲ ကြိုးစားရမည်” ဟု ဘဝအောင်မြင်ရေး စာပေများက တိုက်တွန်းရေးသားကြသည်။ သို့ရာတွင် မိမိတွင် ရှိသင့်၊ ရှိထိုက်သော၊ ရသင့်၊ ရထိုက်သော ချမ်းသာကြွယ်ဝမှုနှင့် တင်းတိမ် ရောင့်ရဲခြင်းမရှိဘဲ မတော်လောဘ လွှမ်းမိုးကာ ချမ်းသာကြွယ်ဝမှုနောက်ကို အစဉ်တစိုက် လိုက်ပါသွားမည်ဆိုပါက ဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များကိုပါ လွယ်လင့်တကူ ကျူးလွန်လာကြမည်ဖြစ်သည်။

    ခေတ်ရေစီးကြောင်းအရ ဂုဏ်တုဂုဏ်ပြိုင်များလာသည့် အခြေအနေတွင် ပစ္စည်းဥစ္စာ ပြိုင်ဆိုင်မှု၊ ဝင်ငွေပြိုင်ဆိုင်မှု၊ ရာထူးပြိုင်ဆိုင်မှု စသည်ဖြင့် အပေါ်ယံပြိုင်ဆိုင်မှုများအတွက် နည်းလမ်းပေါင်းစုံဖြင့် ဝင်ငွေရှာဖွေလာတတ်ကြသည်။ မည်သည့်နည်းဖြင့် ရသည်ဖြစ်စေ “သူများ မိုးခါးရေသောက်လျှင် ကိုယ်လည်းသောက်မည်”ဆိုသော အတွေးများ ဝင်လာတတ်ကြသည်။ မတရားသော၊ မသမာသောနည်းဖြင့် ရရှိသော ဂုဏ်ဒြပ်တို့ဖြင့် မပြိုင်ဆိုင်သင့်သကဲ့သို့ အဆိုပါ ဂုဏ်ဒြပ်တို့သည် မမြဲခြင်းသ‌ဘောရှိသည်ကို သတိပြုသင့်ပေသည်။

အတ္တနဲ့လောဘ

    လောကဓမ္မတာ လူ့သဘော၊ သဘာဝအရ “လူမှန်သမျှ အတ္တနဲ့မကင်း” ဟု ဆိုနိုင်သော်လည်း အရာရာကို မိမိအတွက်၊ မိမိ၏ မိသားစုအတွက်၊ မိမိ၏ ဆွေမျိုးအတွက်၊ မိမိ၏ မိတ်ဆွေသူငယ်ချင်းများနှင့် ချစ်ခင်ရသူများအတွက် စသည်ဖြင့် ဦးစားပေးဆောင်ရွက်မှုများလာသည့်အခါ အတ္တသည် အစွန်းရောက်အတ္တ ဖြစ်လာတတ်ပေသည်။ အခြားတစ်ဖက်တွင်လည်း လောဘလွှမ်းမိုးကာ ကြွယ်ဝချမ်းသာချင်သကဲ့သို့ အတ္တလွန်သော ကိုယ်ကျိုးဦးတည်ဆောင်ရွက်မှုများမှသည် မရသင့် မရထိုက်သော ပစ္စည်းဥစ္စာများကို ရယူ၊ ရှာဖွေလိုသော အခြေအနေသို့ ဦးတည်ကာ အဂတိလိုက်စားမှုများကို ကျူးလွန်လာတတ်ကြသည်။

အာရုံငါးပါးထိန်းစေလို

    မြတ်စွာဘုရားရှင်က အာရုံငါးပါးကို ထိန်းချုပ်ထားဖို့ ဟောကြားထားသည်။ ရူပါရုံကြောင့် မိမိတွင် ရှိသမျှကို ကောင်းတာ၊ လှတာတွေကိုသာရှိချင်၊ မြင်ချင်ခြင်း၊ သဒ္ဒါရုံကြောင့် မိမိအပေါ် အခြားသူများက ချမ်းသာကြွယ်ဝသည်ဟု ပြောသည်ကို ကြားချင်ခြင်း၊ ဂန္ဓာရုံကြောင့် မိမိ၏ အနံ့အာရုံကို စွဲမက်စေသည့် တန်ဖိုးကြီး ပစ္စည်းများကို သုံးချင်ခြင်း၊ ရသာရုံကြောင့် အရသာ သာလွန်ထူးကဲသည့် အစားအသောက်များကို စားချင်ခြင်း နှင့် ဖေါဋ္ဌဗ္ဗာရုံကြောင့် ဇိမ်ခံပစ္စည်းများကို သုံးချင်ခြင်းတို့သည် ဝင်ငွေထွက်ငွေ မမျှတမှုနှင့် လိုချင်တပ်မက်မှုကို ဖြစ်စေသဖြင့် ထိန်းချုပ်ရန် ကြိုးစားသင့်သည်။

အနှိုင်းမဲ့ဥစ္စာ

    အရှင်ဆန္ဒာဓိက က “တစ်လောကလုံးရဲ့အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က သန္တုဋ္ဌိပရမံဓနံ တင်းတိမ်ရောင့်ရဲခြင်းဥစ္စာဟာ အနှိုင်းမဲ့ဥစ္စာလို့ ဟောကြားခဲ့တဲ့အတွက် လူသားတိုင်းသည် တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ အနှိုင်းမဲ့ဥစ္စာကို ရယူသင့်တယ်၊ သူများမိုးခါးရေသောက်ရင် ငါလည်းသောက်မယ်ဆိုတဲ့ ခပ်ညံ့ညံ့လူတွေရဲ့ အပေါစားစိတ်ဓာတ်မျိုးကို ဖယ်ရှားပြီး မစားရလို့ လျှာပေါ်မြက်ပေါက်ပြီး သေရင်သေသွားပါစေ ဆိုတဲ့ လူမြတ်စိတ်မျိုး မွေးမြူနိုင်ကြရင် မတရားတဲ့ နည်းနဲ့ စီးပွားမရှာဖြစ်တော့ဘဲ တရားတဲ့နည်းနဲ့သာ စီးပွားရှာဖြစ်တော့မှာဖြစ်တယ်” ဟု အနှိုင်းမဲ့ ဥစ္စာ ဆိုသည့် တရားတော်တွင် ဟောကြားခဲ့ဖူးသည်။

ဘုရားဟောလည်းရှိခဲ့

သိင်္ဂါလသုတ်မှာ မြတ်စွာဘုရားရှင်က အဂတိတရားလေးပါးကို မလိုက်စားရန်နှင့် လိုက်စားသူတို့ ဆုတ်ယုတ်တတ်သည်ကို -

“ ဆန္ဒာဒေါသာ ဘယာမောဟာ၊

 ယောဓမ္မံ အတိဝတ္တတိ။

 နိဟိယျတိ ယသော တဿိ၊

 ကာလပက္ခေဝ စန္ဒိမာ။” ဟူ၍‌ ဟောကြားတော်မူခဲ့သည်။

အနက်အဓိပ္ပာယ် ဖွင့်ဆိုရပါမူ “ယော၊ အကြင်သူသည်။ ဆန္ဒာ၊ ချစ်ခင်စုံမက်သော ကြောင့်။ ဒေါသာ၊ မှတ်၍ဖွဲ့၍ ထားအပ်သော ရန်ငြိုး၊ ယခုလောလောဆယ်ထွက်သော အမျက် ဒေါသကြောင့်။ ဘယာ၊ အရှင်သခင် ဘုန်းတန်ခိုးကြီးသောသူ စသည်တို့မှ ဖြစ်မည်ဘေးကြောင့်။ မောဟာ၊ အမှုမျိုးကို မကျွမ်းမကျင် မသိသောကြောင့်။ ဓမ္မံ၊ လူတို့ကျင့်ဝတ် စ‌သော တရား လမ်းကြောင်းကို။ အတိဝတ္တတိ၊ လွန်ကျူး၍ ကျင့်၏။ တဿ၊ ထိုအဂတိကို လိုက်၍ တရားလမ်းကြောင်းကို လွန်ကျူးသော သူ၏။ ယသော၊ စည်းစိမ်ဥစ္စာ အခြံအရံ အကျော်အစော  အပေါင်းသည်။ ကာလပက္ခေ၊ လဆုတ်ပက္ခ၌။ စန္ဒိမာဝ၊ လကဲ့သို့၊ တစ်နေ့တခြား ‌လျော့ပါးဆုတ်ယုတ်၏။” ဟု အဓိပ္ပာယ်ရသည်။

ငါးပါးသီလစောင့်ထိန်းကြပါ

    အချုပ်အားဖြင့်ဆိုသော် အဂတိလိုက်စားခြင်းဆိုသည်မှာ မတရားသောနည်းဖြင့် ဝင်ငွေရှာခြင်းဟု ဆိုနိုင်သကဲ့သို့ သူတစ်ပါးဥစ္စာကို မတရားသောနည်းဖြင့် ရယူလိုခြင်းဖြစ်သည်။ မိမိကြိုးစားအားထုတ်မှုဖြင့်ရသော အရာမဟုတ်သည်ကို ရယူခြင်းသည် ခိုးယူခြင်းပင်ဖြစ်သည်။ နေ့စဉ် ဘုရားရှိခိုးကြရာတွင် ငါးပါးသီလခံယူဆောက်တည်ကြလေ့ရှိသည်။ ထိုအထဲတွင် “အဒိန္နာဒါန” သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းကို မပြုလုပ်ခြင်းပါဝင်သည်။

    ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ‌ဒေါက်တာနန္ဒမာလာဘိဝံသက “အဒိန္နာဒါန သိက္ခာပုဒ်ကို စောင့်ထိန်းခြင်းအားဖြင့် ဥစ္စာစပါးပေါများခြင်း၊ သုံး၍မကုန်အောင် စည်းစိမ်ကြွယ်ဝခြင်း၊ မြဲမြံတည်တံ့သော စည်းစိမ်ရှိခြင်း၊ လိုချင်သော စည်းစိမ်ရလွယ်ခြင်း၊ ရန်သူမျိုးငါးပါးနှင့် မဆက်ဆံရသော စည်းစိမ်ရှိခြင်း၊ ပြန့်ပြောသော စည်းစိမ်ရှိခြင်း၊ ရောက်ရာအရပ်၌ အကြီးအကဲဖြစ်ခြင်း၊ မရှိသည်၏ အဖြစ်ကို မသိရခြင်း၊ ချမ်းသာစွာနေရခြင်း။” စသည့် အကျိုး ၉ မျိုး ရရှိခံစားနိုင်သည်ဟု ဆိုဆုံးမထားသည်။ 

    စင်ကြယ်သော စိတ်၊ စင်ကြယ်သော အသက်မွေးဝမ်းကျောင်းဖြင့် ရှာဖွေစုဆောင်းအပ်သော စည်းစိမ်ဥစ္စာသည် တည်မြဲတတ်၏။ မစင်ကြယ်သော နည်းလမ်းဖြင့် အထူးသဖြင့် အဂတိလိုက်စားမှုမှရရှိသော စည်းစိမ်ဉစ္စာတို့သည် မတရားသဖြင့်ရသော တစ်နည်းအားဖြင့် ခိုးယူရရှိသော စည်းစိမ်ဉစ္စာများဖြစ်သဖြင့် တည်မြဲနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ မိမိ၏ လုပ်ဆောင်မှုကြောင့် ရရှိသော ဝင်ငွေ၊ စည်းစိမ်ဥစ္စာတို့အပေါ်တွင်သာ “တင်းတိမ်ရောင့်ရဲခြင်း” ဖြင့် မတော် လောဘတက်ကာ မတရားသောနည်းဖြင့် စီးပွားရှာခြင်းကို ရှောင်ကြဉ်နိုင်မည် ဖြစ်သဖြင့် “တင်းတိမ်ရောင့်ရဲခြင်း” သည် အဂတိလိုက်စားမှုကို ကင်းစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။


ရည်ညွှန်းကိုးကားစာရင်း

- ခြိုးခြံချွေတာခြင်းသည် မင်္ဂလာမည်၏၊ ကျော်ကျော်လှိုင်၊

- ရသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာမည်၏၊ ကျော်ကျော်လှိုင်၊

- ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း၊ မောင်ထင်၊ 

- အနှိုင်းမဲ့ဥစ္စာ၊ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊

- https://www.bawdiwiki.com/

လင်းလက်နေခြည်

ဆက်စပ် သတင်းများ