“လာတော့မကွဲ့ ရွှေဗဟိုရ်”

  • Fri, 5 May 2023

မောင်ဂတိ

၁။ ကြာတော့ ကြာခဲ့ပါပြီ။ ၁၉၆၈/၁၉၆၉ ကျွန်တော်တို့အခြေခံပညာအထက်တန်းကျောင်းသား ဘဝက ဖြစ်သည်။ ထိုစဉ်က မြန်မာစာတွင် ကဗျာလက်ရွေးစင်နှင့် စကားပြေလက်ရွေးစင် ဟူ၍ နှစ်မျိုး ပြဋ္ဌာန်းခဲ့၏။ ၉ တန်းနှင့် ၁၀ တန်း (၂) နှစ်စလုံးအတွက် အကျုံးဝင်ရာ ၁၀ တန်းစာမေးပွဲ ဖြေဆိုရာတွင် ၉ တန်းကသင်ခဲ့ပြီးသော စာများပါ ပြန်လည်ကျက်မှတ်ကြရ၏။ အင်္ဂလိပ်စာတွင်လည်း ထိုနည်းတူ ကျက်မှတ်ဖြေဆိုကြခဲ့ရသည်။ ၉ တန်းက ရှိတ်စပီးယားကို မလွှတ်နိုင်သလို ၁၀ တန်းတွင် အဓိက သင်ယူရသည့် တီထွင်သူ ခုနှစ်ဦးကလည်း အဓိကကျပြန်၏။ ယခုကျွန်တော် တင်ပြလို သည်မှာ ပြဋ္ဌာန်းစာများ အကြောင်းမဟုတ်ပါ။ တစ်ချိန်က အာဂုဏ်ဆောင် ကျက်မှတ်ခဲ့ရသော လက်ရွေးစင်ကဗျာများထဲက သပြေညိုကဗျာလေးကို ကျွန်တော်အတွေးပုံရိပ်တွင် အမှတ်မထင် ပေါ်လာခဲ့ရာ .... 

“သပြေညို”

သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့ပြေ(ပြည်)မှာ တို့မေကမ်းပါတဲ့၊

သပြေညို ရွှေဘိုပန်းဟာက၊

လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့၊

လာတော့မကွဲ့ ရွှေဗဟိုရ်

လေချိုက အသွေး။

လင်းကြက် အဆော်

ကွင်းထက်မှာ တူပျော်ပျော်နဲ့

စည်တော်ကို ရည်မျှော်မှန်းကာပ

ရောင်နီမှာ အောင်စည်ရွှမ်းရအောင်

သပြေညို ရွှေဘိုပန်းရယ်နဲ့

လှမ်းကြစို့လေး။

၂။ အတာသင်္ကြန်လွန်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း လေ့လာအပန်းဖြေရန် ကောင်းမွန်သော ခရီးစဉ်ဒေသများတွင် လူရည်ချွန်စခန်းဖွင့်ပွဲနှင့်အတူ လှုပ်ရှားမှုများကို တွေ့မြင် ကြားသိဖတ်ရှုနေရသည်။ ထို့အပြင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်နှင့် အခြား သက်မွေး သင်တန်းကျောင်းများလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ၏။ ဟိုတစ်ချိန်က အလုပ်သမားနေ့နှင့် ဆက်စပ်၍ နွေရာသီလုပ်အားပေးစခန်းကိုလည်း နိုင်ငံတော်က ကိုယ်စားလှယ်ကြီးများအား ဧည့်ခံ ကျွေးမွေးရေးတာဝန်သာမက စာတွေ့လက်တွေ့သင်ခန်းစာများအပြင် လေ့လာရေးခရီးစဉ်များကိုပါ ရန်ကုန်တိုင်းအတွင်း စီစဉ်ပေးခဲ့သည်။ လူရည်ချွန်မောင်မယ်များအား တူညီဝတ်စုံဖြင့် တက်ကြွစွာ မြင်တွေ့ရသည့်အခါ တစ်ချိန်က ဆရာ ဗိုလ်ကျော်ဆန်း စပ်ဆိုရေးသား ထုတ်လွှင့်ခဲ့သော တစ်တိုင်းပြည်လုံးက ဒို့လူရည်ချွန်..... အစချီသော သံပြိုင်သီချင်းဆိုကြပုံကို မျက်ဝန်းထဲမှာ ပြန်လည် မြင်ယောင်နေမိသည်။

၃။ မှတ်မှတ်ရရ ဧပြီလ ၂၆ ရက်နေ့ နံနက်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွင်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ တွေ့ဆုံ၍ ဩဝါဒစကား မြွက်ကြားရာတွင် “လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့် သားကောင်းရတနာများပင်ဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ ကျောင်း၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်၏ အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သစ္စာရှိစွာပခုံးပြောင်းတာဝန်ယူဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါကြောင်း” ပြောကြားခဲ့ရာတွင် ငယ်စဉ်ကျောင်းသားဘဝက ကျောင်းကောင်စီ အဓိဋ္ဌာန်ဖြစ်သည့် “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစား မည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်” ကို ပြန်လည် သတိရမိ၏။

၄။ ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က "ပညာထူးချွန်ပြီး ထက်မြက်သည့် ဉာဏ်ရည် ဉာဏ်သွေးနှင့် အသိပညာအတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာ ခြင်း၊ မျိုးချစ်စိတ်ရှိခြင်း စသည့် ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်‌ဆောက်ခြင်းပင်ဖြစ်ကြောင်း" ပြောကြားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် ၄ ချက် အနက် စတုတ္ထအချက်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်၏ ။

၅။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းက ရှည်လျားလှသည်။ အခန်းဆက်ဝတ္ထုရှည်ကြီး ဖတ်နေရ သလို ရုပ်ရှင်စကားနှင့်ပြောရလျှင် ဇာတ်လမ်းတွဲ ဇာတ်ကားကြီး ကြည့်နေရသလို ခံစားမိသည်။ ခေတ်အဆက်ဆက်ဖြစ်ပေါ်ပြောင်းလဲမှုများကအနတဂ္ဂမ၊၊ ပြောမဆုံးပေါင်တောသုံးထောင်၊၊နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တစ်ခုတည်းကိုကြည့်၊ အခက်အခဲ အကျပ်အတည်းများက မတန်တဆ။ နိုင်ငံရေးက လှုပ်လီလှုပ်လဲ့။ အဖျက်အမှောက်က ဟိုတစ်စသည်တစ်စ၊၊ စီးပွားရေးက ကမောက်ကမ။ အနုတ်ကစရ၊ သည်ကြားထဲ ကိုဗစ်က နာလန်မထူအောင် ဒုက္ခပေးတာ အားလုံးအသိ။ ယခုထိ မငြိမ်သေး၊ အိုမီခရွန်ကြောင့် အဆုံးအရှုံး၊ အပျက်အစီးမများလို့သာ ကျေးဇူးတင်ရမည်။

၆။ သူနှင့်ပတ်သက်၍ မချစ်သော်လည်း အောင့်ကာနမ်းရမှာ သေချာသည်။ သည်ကြားထဲ မျိုးရိုးဗီဇကွဲတွေ တစ်ခုပြီး တစ်ခုပေါ်နေသည့်အတွက် မမှတ်မိအောင်ပင်။ သူတို့အဆိုအရ ဗားရှင်း တွေက မဆုံးနိုင်။ စမ်းသပ်တွေ့ရှိသူတွေကများတော့ သူတို့ပြောသမျှ နားထောင်ရ၊ လိုက်နာရ၊ သတိ ပြုကြရသည်။ ပစ်ပယ်၍လည်း မဖြစ်သည့် ဘဝမဟုတ်ပါလား၊၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အစောပိုင်းကတည်းက “No one is safe, unless everyone is safe.” လို့ ပြောထားသည်။ တစ်ဦး ချင်း လုံခြုံစိတ်ချရအောင် မနေနိုင်သမျှ မည်သူမျှ လုံခြုံမှာ မဟုတ်။ လက်ရှိမှာတော့ နိုင်ငံတော်နှင့် ကျန်းမာရေးက စီစဉ်ပေးနေသည့် “ထပ်ဆောင်း” ကလေးကို မလွတ်ရအောင် မိမိရရဂရုတစိုက်ထိုးနှံ ကြရပေမည်။

၇။ စီးပွားရေးနှင့်ပတ်သက်၍ အိမ်မြှောင်က စောက်ထိုးပြခဲ့သည်။ မပြလည်း မဖြစ်တော့ သည့် အခြေအနေ၊၊ နိုင်ငံရေးဖိနှိပ်မှုနှင့်အတူ ကမ္ဘာ့စာအုပ်ကြီးထဲကအတိုင်း ဖြတ်လေးဖြတ် လုပ်လာ ပြန်၏။ သည်အထဲ ကိုဗစ်ကတစ်ဆင့်ပြီးတစ်ဆင့်၊၊ မြွေပူရာ ကင်းမှောက် မီးလောင်ရာ လေပင့် ဆိုရမလား မသိ။ မည်သို့ရှိစေ ပြည်သူ့အား၊ သယံဇာတအား မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယနှင့် ဖြောင့်မတ်သော ခေါင်းဆောင်မှုအားတို့က အနုတ်မှ အားမျှခြေ၊ ထိုကတစ်ဆင့် အပေါင်းဘက်သို့ ပြလာပြီ။ လက်ရှိ အရှိန်အဟုန်အရ အပေါင်းများ တိုးပွားလာမည့် အရိပ်အယောင်ပေါ်နေပြီ။ သည်လိုအခြေအနေ၊ အချိန်ကာလမျိုးတွင် သူတို့ဆီမှာတော့ အင်္ကျီလက်မောင်းကို လိပ်တင်ဖို့ အားပေးကြသည်။ မြန်မာ ဆန်ဆန် ခါးတောင်းမြှောင်အောင် ကျိုက်ထားကြဟေ့လို့ ဆော်ဩလိုက် ချင်သည်။ အဓိကမှာ မိမိတို့ကျရာ အခန်းကဏ္ဍမှ အကောင်းဆုံး လုပ်ကိုင်ပြသကြဖို့ဖြစ်၏။

၈။ တိုင်းပြည်စည်ပင်သာယာဝပြောဖို့အတွက် ငြိမ်းချမ်းရေးက ပဓာနကျသည်။ ဤအတွက် နိုင်ငံတော်က အထူးအလေးထား ဝါယမစိုက်ကြိုးစားလုပ်ကိုင်လျက်ရှိ၏။ လွတ်လပ်ရေးနှင့် ထပ်တူ အမြစ်တွယ်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုသမိုင်းက ရှည်လျားခဲ့ရာ တစ်ခဏချင်းပြီးနိုင်ဖို့ ခက်ခဲနေသေးသည်။ အမြင်တွေအားလုံး တစ်ထပ်တည်း တစ်သားတည်း တစ်ညီတည်း ဖြစ်ဖို့ ကြိုးစားလှုပ်ရှားကြရသည်။ အရှေ့ဘက်မိုးကုတ်စက်ဝန်း၏ အနားလိုင်းပေါ်တွင် ရောင်နီက မေးတင်စပြုပြီ။ ငြိမ်းချမ်းရေးအတွက် သီချင်းတစ်ပုဒ်မက မြန်မာ့ရုပ်သံက ည ၈ နာရီ သတင်း မလာမီ အပုဒ်ပေါင်းများစွာကို အလှည့်ကျလွှင့်ကာ ဆော်ဩလျက်ရှိ၏။ သီချင်းစာသားတိုင်းက အဓိပ္ပာယ်လေးနက်၏ သေချာ ဂရုစိုက် နားထောင်လျှင် သဘောပေါက်ကြပါမည်။ အမှန်ပြောရလျှင် ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ကြိုးစားလုပ်ကိုင်ကြဖို့ လိုအပ်ပါသည်။ ယင်းသို့ လုပ်ကိုင်ရာတွင် ကျွန်တော်တို့၏ အားသည် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာပင်ရှိပါသည်။ နိုင်ငံနှင့် ခြုံပြောရလျှင် ပြည်တွင်းမှာသာရှိပါသည်။ စိတ်ကူးမလွဲဘဲ ယုံကြည်စွာလုပ်ကြရပါမည်။ တစ်ခုတော့ သတိပြုစေချင်ပါသည်။ ယင်းသို့ လုပ်ကိုင်ရာတွင် ကျွန်တော်တို့အားလုံး အဂတိကင်းကြဖို့လို ပါသည်။ ဤစကားရပ်လေးမှာစကားလေး သုံးလုံးသာရှိသော်လည်း သဘောသဘာဝမှာ လေးနက် ကျယ်ပြန့်၏။ သူနှင့်ဝေးလျှင် ကျွန်တော်တို့ အေးအေးချမ်းချမ်းရှိမည်။ လူမှုစီးပွားဘဝ တိုးတက် မြှင့်တင်နိုင်မည်။ သူ့ကို ထိန်းချုပ်ဖို့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှု များလေလေ အဂတိလိုက်စားမှု များလေ” ဟု မီးမောင်းထိုးပြခဲ့ရာမှ တစ်ဆက်တည်း ပြည်တွင်း စီးပွားရေး တိုးတက်လာပါက ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၉။ အချုပ်ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည် ချက် (၁၂) ရပ်တို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အနာဂတ် ထွန်းပြောင်စေရေးအတွက် မီးရှုးတန်ဆောင် ဖြစ်သည်နှင့်အညီ ကျွန်တော်တို့အားလုံး ရောင်နီမှာ အောင်စည် ရွှမ်းရအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ဖော်ပြလိုက်ရပေသည်။

ဆက်စပ် သတင်းများ