အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု- အပိုင်း (၄)

  • Tue, 23 August 2022

ကိုယ်ကျိုးစီးပွားပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းခြင်း

            စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (The Organization for Economic Co-operation and Development – OECD) အဖွဲ့ဝင်နိုင်ငံများတွင် ကျင့်ဝတ်စည်းမျဉ်းနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျင့်ဝတ်များရေးဆွဲပြဋ္ဌာန်း လိုက်နာဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွားပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေတွင် အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်ခြင်းကို မှန်ကန်တည့်မတ်စွာ ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်ကို ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားပါသည်။ ၎င်းအပြင် နယ်ပယ်အသီးသီး၌ သက်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များလည်း ရေးဆွဲပြဋ္ဌာန်းထားကြောင်း လေ့လာတွေ့ရှိရပါသည်။

            အကျိုးစီးပွားပဋိပက္ခအခြေအနေ ဖြစ်ပွားချိန်တွင် ယင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်အချက်သည် အလွန်အရေးကြီးသည့်အချက် ဖြစ်ပါသည်။ အများပြည်သူဝန်ဆောင်မှု ပေးနေသည့် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကိုယ်ကျိုးစီးပွားဆောင်ရွက်ခြင်းကို ကာကွယ်ရန်အတွက် ထိရောက်ရှင်းလင်းသည့် စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာရန် ကျင့်ဝတ်များ ချမှတ်ဆောင်ရွက်ထားသင့်ပါသည်။ အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်မှုကို ကာကွယ်ရန်အတွက် ဝန်ထမ်းများအား လုံလောက်သည့်လစာ သတ်မှတ်ပေးခြင်း၊ ရိုးသားကြိုးစားမှုပေါ်မူတည်၍ ရာထူးတိုးမြှင့်ပေးခြင်း စသည့်အခွင့်အရေးများဖြင့် ဆွဲဆောင်ရန် လိုအပ်သည့်အပြင် ထိရောက်သည့်ခေါင်းဆောင်မှု၊ တရားဥပဒေဆိုင်ရာထိန်းချုပ်မှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ထိန်းချုပ်မှု(အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းမှုစနစ်) ၊ သတင်းလွတ်လပ်ခွင့်နှင့် အမှီအခိုကင်းသည့် သတင်းထုတ်ပြန်မှုများအပြင် အကျိုးစီးပွား ထုတ်ပြန်ကြေညာခြင်းတို့ ရှိရန်လည်း လိုအပ်ပါသည်။ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အပိုဒ် ၈.၅ တွင်လည်း အကျိုးခံစားခွင့်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်များပြုလုပ်ရန် အရေးယူဆောင်ရွက်ချက်များနှင့် စနစ်များထူထောင်ရန် လမ်းညွှန်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။


ဆက်စပ် သတင်းများ