အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု- အပိုင်း (၃)

  • Thu, 18 August 2022

အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု

            ထိုသို့ အကျိုးစီးပွားပဋိပက္ခအခြေအနေတွင် ဝန်ထမ်းသည် ကိုယ်ကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်လိုက်ပါက အကျိုးစီးပွားပဋိပက္ခမှ အဂတိလိုက်စားသည့်အခြေအနေသို့ ရောက်ရှိသွားပြီး ရာဇဝတ်မှုမြောက်သည့် ပြစ်မှုအဖြစ် ပြောင်းလဲသွားပါသည်။ ထို့ကြောင့် အကျိုးစီးပွားပဋိပက္ခအခြေအနေ ဖြစ်ပေါ်ချိန်တိုင်း အဂတိလိုက်စားမှု မဖြစ်နိုင်သော်လည်း ကာယကံရှင် ကိုယ်တိုင်က ကြုံတွေ့နေရသည့်အခြေအနေကို မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မှုမရှိပါက အဂတိလိုက်စာမှု ဖြစ်ပေါ်နိုင်ပါသည်။ 

            ဥပမာ - အများပြည်သူပိုင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူရာ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများအနက် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီကို ရွေးချယ်ရမည့်အစား တင်ဒါရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ရှိသူနှင့် သက်ဆိုင်သည့် ကုမ္ပဏီအား လုပ်ငန်းအပ်နှံရန် ရွေးချယ်သည့်ကိစ္စရပ်မျိုး ဖြစ်ပါသည်။ ၎င်းဖြစ်စဉ်တွင် တင်ဒါရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသူအနေဖြင့် ၎င်းနှင့်သက်ဆိုင်သည့်ကုမ္ပဏီနှင့် အခြားကုမ္ပဏီ နှိုင်းယှဉ်ရွေးချယ်ရာ၌ မိမိကုမ္ပဏီကို ဦးစားပေးရွေးချယ်လိုစိတ်နှင့် အခြားသင့်လျော်သည့် ကုမ္ပဏီရွေးချယ်ရမည့်တာဝန်တို့အကြား အကျိုးစီးပွားပဋိပက္ခဖြစ်ပွားချိန်တွင် မိမိအကျိုးစီးပွားကို ဦးစားပေးရွေးချယ်လိုက်ခြင်းသည် အဂတိလိုက်စားမှုကို ကူးပြောင်းသွားခြင်းဟု ဆိုရပါမည်။ ထိုကဲ့သို့ အကျိုးစီးပွားပဋိပက္ခအခြေအနေကို မှားယွင်းစွာ စီမံခန့်ခွဲခြင်းကြောင့် အရည်အသွေး ညံ့ဖျင်းသည့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ဖြစ်ပေါ်စေခြင်း၊ လုပ်ငန်းများ၏ အရည်အသွေးများ ကျဆင်းလာစေခြင်း၊ မျှတသည့်ယှဉ်ပြိုင်မှုများကို အားနည်းစေခြင်းစသည်တို့ကို ဖြစ်ပေါ်စေပါသည်။

            သို့ရာတွင် အဂတိလိုက်စားမှုတိုင်း အကျိုးစီးပွားပဋိပက္ခအခြေအနေမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ အချို့သော အဂတိလိုက်စားမှုများသည် မိမိအကျိုးအတွက် ကြိုတင်ရည်ရွယ် ဆုံးဖြတ်ချက်ချ ဆောင်ရွက်ခြင်းဖြစ်၍ ကိုယ်ကျိုးစီးပွားပဋိပက္ခဖြစ်ပွားသည့်အဆင့်ကို ကျော်လွန်သည်ဟု တွေ့ရှိရပါသည်။

            အချို့သောဝန်ထမ်းများသည် ပြည်သူများ၏အကျိုးစီးပွား ဆောင်ရွက်ရန်အတွက် ယုံကြည်အပ်နှင်းထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မိမိတို့ရရှိသင့်သည့် လုပ်ပိုင်ခွင့်အဖြစ် ထင်မြင်ယူဆ၍ ဆုံးဖြတ်လုပ်ကိုင်ကြသည်ကို တွေ့ကြုံဖူးကြပါလိမ့်မည်။ ဥပမာ - မိမိပိုင်ဆိုင်သည့် လုပ်ငန်းသုံးယာဉ်များကို ရုံးလုပ်ငန်းနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် အငှားထည့်သွင်းအသုံးပြုခြင်းဖြင့် ဝင်ငွေရှာခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေ လျာထားတွက်ချက်ရာတွင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ပိုမိုတွက်ချက်တင်ပြ၍ မိမိအကျိုးအမြတ် ရရှိစေရန် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းခန့်အပ်ရာတွင် မိမိနှင့်ဆွေမျိုးတော်စပ်သည့် အရည်အချင်း မရှိသူများအား ခန့်အပ်ခြင်း၊ မိမိတာဝန် ထမ်းဆောင်နေသည့် ဌာနနှင့်ဆက်စပ်နေသည့် ပြင်ပစီးပွားရေးလုပ်ငန်း/ဌာနတစ်ခုတွင် အချိန်ပိုင်းတာဝန် ထမ်း‌ဆောင်ခြင်း၊ တာဝန်ချိန်တွင် အခြားကိုယ်ပိုင်စီးပွားရေး‌ ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်အရ ပေးအပ်ထားသည့် အဆောင်အယောင်၊ အိမ်ရာများ၊ ဝန်ထမ်းများကို မိမိကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအတွက် အသုံးပြုခြင်း၊ စည်းကမ်းမလိုက်နာသည့် ဝန်ထမ်းအား မိမိနှင့်ပတ်သက်ဆက်စပ်နေသူဖြစ်၍ အရေးယူဆောင်ရွက်ရန် လျစ်လျူရှုထားခြင်းစသည့် ကိစ္စရပ်များသည် အကျိုးစီးပွားပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အဂတိလိုက်စားမှုပုံစံများ ဖြစ်ပါသည်။


ဆက်စပ် သတင်းများ