၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှုကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးကျင်းပ

  • Sat, 1 April 2023

နေပြည်တော် မတ် ၃၁

            ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာ  ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှု ကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စဉ်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြသည်။ 



  မြန်မာ့ဘဏ်လုပ်ငန်းဆိုင်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဒေါ်သန်းသန်းဆွေ တက်ရောက်

            အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံဘဏ်လုပ်ငန်း ကဏ္ဍ၏ ၂၀၂၁ ခုနှစ်မှ  ၂၀၂၃ ခုနှစ် သုံးနှစ်တာ ကာလအတွင်း တိုးတက်မှုကို ဆွေးနွေးခဲ့ရာ ပုဂ္ဂလိကဘဏ်များ၏ အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊  ချေးငွေ သည် ၇ ဒသမ ၈၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ Credit to GDP Ratio သည် ၂၈ ရာခိုင်နှုန်း ရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဘဏ်များ၏ ဗဟိုဘဏ်ရှိ အပ်နှံငွေသည် ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း Interbank Market ရှိ ငွေကြေးလွယ်ကူမှု Turnover သည် ငွေကျပ် ၁၁၆၆ ဘီလီယံ၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပါကြောင်း၊ နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအကြားတွင် ကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာကြောင်း၊ ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်သည့် ကာလတိုငွေကြေးဖြည့်ဆည်းမှုများ အားကောင်းလာကြောင်း၊ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် လုပ်ငန်းများ လည်ပတ်မှုများ အားကောင်းလာသဖြင့် ဘဏ်များအနေဖြင့် ချေးငွေများ ပိုမိုကောက်ခံရရှိလာပြီး၊ ချေးငွေများအပေါ် (Restructuring and Rescheduling) များ ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုလုပ်သာကိုင်သာ ရှိလာသဖြင့် အရင်း/အတိုး ပေးဆပ်ရန် ပျက်ကွက်သောချေးငွေများ လျော့နည်းကျဆင်းလာကြောင်း စသည့် ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိသည့်  အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

            ဆက်လက်၍ နိုင်ငံခြားငွေနှင့်ပတ်သက်၍ ဗဟိုဘဏ်က သတ်မှတ်ပေးသည့် စည်းမျဉ်းများကို ဘဏ်များ၊ Exporter များ၊ Importer များ လိုက်နာစေရေး၊ Export Earnings ပြန်မဝင်သည့် ကိစ္စရပ်များ စောင့်ကြည့်စစ်ဆေးနိုင်ရေး၊ လိုအပ်သည့် အထောက်အထားများ ရယူစစ်ဆေးနိုင်ရေး၊ KYC/CDD နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်အထက် ငွေလွှဲဝင်ရောက်ခြင်းများကို ဗဟိုဘဏ်သို့ သတင်းပို့ရေး၊ သတင်းပို့ရန် ပျက်ကွက်ပေါ့လျော့မှုများကြောင့် ဆုံးရှုံးမှုများ ဖြစ်လာပါက စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) သို့ သတင်းပို့ရမည့် စာရင်းများအား စနစ်တကျ စောင့်ကြည့်ပေးပို့သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

            ထို့ပြင် နယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများ၌ တရားမဝင်ငွေလွှဲကိစ္စရပ်များ မဖြစ်ပွားအောင် အထူးဂရုပြု ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများသည် မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲဆောင်ရွက်မှုများမှတစ်ဆင့် အဖြစ်များသဖြင့် Monitoring အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့်လည်း ဘဏ်များ၏ လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ပံ့ပိုးပေးနေသည့်အတွက် ဘဏ်များအနေဖြင့် စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ကုန်သွယ်မှုကဏ္ဍတွင် ဒေသ သုံးငွေကြေးများ ပိုမိုသုံးစွဲပြီး ဒေါ်လာအပေါ် မှီခိုအားထားမှုလျှော့ချကာ Currency Diversification ကို ဆုံးရှုံးနိုင်ခြေပေါ်မူတည်၍ စီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ ယွမ်/ထိုင်းဘတ်အပြင် ရူပီးနှင့် ကျပ်ကိုပါ သုံးစွဲနိုင်ရေး အိန္ဒိယဗဟိုဘဏ်နှင့် အတည်ပြုချက်ရယူပြီး၍ မကြာခင်ကုန်သွယ်မှုကဏ္ဍသို့ ဆောင်ရွက်မည့် အစီအမံများ ချပြပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

            ဆက်လက်၍ တက်ရောက်လာသည့် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ် များက သက်ဆိုင်ရာဘဏ်အလိုက် ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှု၊ လာမည့်ဘဏ္ဍာနှစ်တွင် လုပ်ငန်းတိုးချဲ့အကောင်အထည်ဖော်မည့် အခြေအနေ၊ Digital Banking ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ Internal Control စီမံထားရှိမှု၊  AML/CFT ဆိုင်ရာ  လိုက်နာဆောင်ရွက်နေသည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ များက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။

            ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ကောင်းမွန်သည့် ဘဏ်စနစ်ဖြစ်ပေါ်ပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်များအားလုံးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်၊ ဘဏ်လုပ်ငန်းရေရှည်ဖွံ့ဖြိုးစေရန်အတွက် တိုးတက်ကောင်းမွန်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုသွားရန်၊ Risk Management ကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလုံခြုံမှုနှင့်အောင်မြင်မှုတို့ကို ဟန်ချက်ညီစွာပေါင်းစပ်ဆောင်ရွက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်စပ် သတင်းများ