စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာမြင့်နိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Wed, 5 May 2021

နေပြည်တော်၊ မေလ   ၅ ရက်

        စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာမြင့်နိုင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ဟောင်း) ဦးသန်းညွန့်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး(ဟောင်း) ဦးစိုးဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ဟောင်း) ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး(ဟောင်း) ဦးကမ်ဇာမုံ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင် နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာမြင့်နိုင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၎င်းတာဝန်ရှိသည့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ငွေကြေးမြောက်များစွာသုံးစွဲရသော တင်ဒါလုပ်ငန်းတွင် လုပ်ထုံး လုပ်နည်းစည်းကမ်းများ ဖောက်ဖျက်လျက် တင်ဒါကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားသဖြင့် တင်ဒါတန်ဖိုး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိသည့် လုပ်ငန်း(၆၆)ခုမှာ မူလကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့်ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး(ဟောင်း) ဦးစိုးဦးက တာဝန်ပေးထားသော ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးဝေလင်းလှိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးမြတ်သန့်စင် တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မုံရွာမြို့နယ်၊ လယ်တီရပ်ကွက်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနပိုင် အင်းမြေစုစုပေါင်း(၅.၇၈)ဧကအား နိုင်ငံတော်ပိုင်မြေ ဖြစ်ကြောင်းသိလျက်နှင့် ငွေကြေးရယူကာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ပိုင်မြေ (၅.၇၈)ဧက၏ ကာလတန်ဖိုး အနည်းဆုံး ကျပ်သိန်း ၂၈၉၀ မှ အများဆုံး ကျပ်သိန်း ၈၆၇၀ ထိ နစ်နာဆုံးရှုံးခဲ့ရကြောင်း၊ မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ HIJET အမျိုးအစား မော်တော်ယာဉ် တစ်စီးအား ၎င်းကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာတွင် အသုံးပြုရန်အတွက် တောင်းခံလှူဒါန်းစေခဲ့ကြောင်း၊ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် တစ်ဆက်တည်းရှိနေသော မြေဧက (၂.၈၅)ဧကပေါ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးဘဲ ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ်အသုံးပြုထားသည့်အတွက် နိုင်ငံတော်ပိုင်မြေ (၂.၈၅)ဧက ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချထားပေးသည့် ရွှေသတ္တုလုပ်ကွက်များအနက် အသေးစားလုပ်ကွက် ၂၄၃ ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် ၄၇ ကွက်တို့အတွက် တိုင်းဒေသကြီး ဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရမည့် အခွန်အခများကို ကောက်ခံခြင်းမပြုဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်ငွေ ကျပ်သိန်း ၂၉၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာမြင့်နိုင် အပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊

      စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူရာတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး(ဟောင်း) ဦးသန်းညွန့်ဝင်းနှင့် တင်ဒါခေါ်ယူရာတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီတွင် ဝန်ကြီးချုပ်(ဟောင်း)ကိုယ်စား တင်ဒါကြမ်းခင်းဈေးနှုန်း တွက်ချက်သူအဖြစ် တာဝန်ယူဆောင်ရွက်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး(ဟောင်း) ဦးစိုးဦး တို့သည် တင်ဒါကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားကာ တင်ဒါလုပ်ငန်း (၆၆)ခုမှာ မူလကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့သည့်အပေါ် နိုင်ငံတော်အတွက် ငွေကြေးနစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး(ဟောင်း) ဦးကမ်ဇာမုံ၊ ချင်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး(ဟောင်း) ဦးလာလ်ထောင်ထန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး(ဟောင်း) ဦးစိုးဦး တို့သည် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာမြင့်နိုင် က မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပြီး နိုင်ငံတော်အတွက် စုစုပေါင်းငွေကျပ် သိန်း ၂၉၀၀၀ ကျော် (ကျပ်သိန်းနှစ်သောင်းကိုးထောင်ကျော်) ထိခိုက်နစ်နာစေခဲ့ခြင်းအပေါ် စနစ်တကျ ကြပ်မတ်ဆောင်ရွက်မှုမရှိဘဲ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း၊

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး(ဟောင်း)၏ ကိုယ်ရေးအရာရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင် သည် တင်ဒါလျှောက်ထားသော တင်ဒါကြမ်းခင်းဈေးနှုန်းများအား ကုမ္ပဏီပိုင်ရှင်တစ်ဦးကို ပြောကြားခဲ့ပြီး တံစိုးလက်ဆောင်အဖြစ် ငွေကျပ်သိန်း(၉၀၀)ခန့်ကို (၄)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ဟောင်း)၏ ကိုယ်ရေးအရာရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင်သည် တန်ဖိုးငွေကျပ် ၄၃၃ သန်းခန့်ရှိသည့် တင်ဒါ(၁)ခု၏ ကြမ်းခင်းဈေးနှုန်းကို ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ပြောကြားခဲ့ပြီး တင်ဒါအောင်မြင်ပါက ၎င်းအတွက် လုပ်ငန်း၏ ၃% အား တံစိုးလက်ဆောင်ရယူရန် အားထုတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မရဲစခန်းတွင် ၅-၅-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ