အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အသိပညာပေးဆောင်ရွက်ချက်များကျင်းပ

  • Wed, 25 January 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အသိပညာပေးဆောင်ရွက်ချက်များကျင်းပ


နေပြည်တော်  ဇန်နဝါရီ ၂၅

    အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်ပြီး အကျိုးအမြတ်တွက်ချက်၍ ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဟန့်အတားဖြစ်စေခြင်း၊ ဆင်းရဲချမ်းသာကွာဟမှုများခြင်းနှင့်ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျ စေခြင်းတို့ကြောင့် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု အားလုံးကိုပါ ယိုယွင်းပျက်စီးစေကြောင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာပိုမိုကျယ်ဝန်းကြောင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်းသာမက လုပ်ပိုင်ခွင့် အာဏာကိုအလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ ဆွေမျိုးကောင်းစားရေးအပေါင်းအဖော် ကောင်းစားရေးဝါဒ ကျင့်သုံးဘက်လိုက်ခြင်း၊ ငွေကြေးခဝါချခြင်း၊ တရားမဝင်ကြီးပွားချမ်းသာ ကြွယ်ဝအောင်ဆောင်ရွက်ခြင်း တို့ဖြစ်ပြီး ကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၏ အရင်းခံအကြောင်းဖြစ်ကြောင်း၊

    ကော်မရှင်ကချမှတ်ထားသည့် မဟာဗျူဟာရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကလုပ်ငန်းစဉ်(၃)ရပ်မှာ အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ  ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) (၃၈)ဖွဲ့၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများ၌ (၁၄)ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ CPUများဖွဲ့စည်းသည့်ရည်ရွယ်ချက်မှာ အသေးစားအဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရန်နှင့် နိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးရာ၌ ပြည့်စုံကောင်းမွန်စေရန်အဓိကဖြစ်ကြောင်း၊ အကြီးစားအဂတိလိုက်စားမှုများ (Grand Corruption)သည် နိုင်ငံရေးဩဇာအာဏာရှိသူများနှင့် လုပ်ပိုင်ခွင့်ရှိသူ အရာရှိကြီးများတွင် လည်းကောင်း၊ အသေးစားအဂတိလိုက်စားမှု (Petty Corruption)များသည် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာတွင် ထိတွေ့ဆောင်ရွက်ကြရသည့် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများတွင်လည်းကောင်း ဖြစ်လေ့ဖြစ်ထရှိကြောင်း ဝန်ဆောင်မှုရယူသည့် ပြည်သူလူထု အရေအတွက်မှာ အလွန်ကြီးမားသည့် ပမာဏဖြစ်၍ ဖြစ်ရိုးဖြစ်စဉ်စနစ် (Systemic Corruption) တစ်ခုကဲ့သို့ ဖြစ်လာသည့်အခါ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားကို ထိခိုက်ပျက်စီးပြီး ဆိုးဝါးသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သဖြင့် ဝိုင်းဝန်းတားဆီးကာကွယ်ရန် အထူးလိုအပ်ကြောင်း၊ CPU ၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ဌာနအလိုက်အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း Corruption Risk Assessment (CRA) လုပ်ငန်းစဉ်သည် မိမိတို့ဌာန၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းဥပဒေများပြန်လည်သုံးသပ်ပြုပြင်ခြင်းဖြင့် အဂတိလိုက်စားမှုများကို ပိုမိုကာကွယ် တားဆီးနိုင်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ပူးပေါင်းပြီး အဂတိလိုက်စားမှုဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ကို ၂၀၁၈ခုနှစ်တွင် ထုတ်ပြန်ကာပုဂ္ဂလိက လုပ်ငန်းများ၌ လုပ်ငန်းဆိုင်ရာကျင့်ဝတ်ရေးဆွဲရာတွင် အခြေခံသင့်သည့် အချက်များကိုလည်း ကော်မရှင်၏ ကြေညာချက်အမှတ် (၁၄/၂၀၁၈) ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် အစိုးရဌာန အဖွဲ့အစည်းများအပြင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် အများပြည်သူများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

    ဆွေးနွေးပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ( Corruption Prevention Unit- CPU)မှ အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ဆက်လက်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ၎င်းအပြင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu- tainment) အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၁၃) အခြေခံ ပညာအထက်တန်းကျောင်း၌ မူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များ မှ သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြပါသည်။



ဆက်စပ် သတင်းများ