အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့အပေါ် စီရင်ချက်အမိန့်ချမှတ်

  • Sat, 23 April 2022

နေပြည်တော် ဧပြီလ  ၂၃  ရက်

    ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့်တို့နှင့် ဆက်စပ်တာဝန်ရှိ ပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းနှင့် ဦးဝင်းညွန့် တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင် လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ငွေကျပ်သန်း ၁၁၀၀၇.၀၀၉ ဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည်အသွေးမပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးကို နစ်နာဆုံးရှုံးစေခဲ့ခြင်း၊


    ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းနှင့် ဦးလဆိုင်း(ခ) ဦးဒါရှီလဆိုင်း တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် ၁၀၀၀၀ အား ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ တစ်တန်လျှင် ၃၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းလျှော့၍ ကုမ္ပဏီနှစ်ခုအား တန် ၅၀၀၀ စီ ခွဲဝေရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့် ကြော်ငြာစာအမှတ်(၇၀/၂၀၂၀) အရ သလင်းကျောက် ရောင်းချရရှိငွေ၏ ၂၀ ရာခိုင်နှုန်း ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများဆုံးရှုံးစေခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေေပိုလျှံရန်ပုံငွေ (General Reserve Fund- GRF) မှ သုံးစွဲခွင့်မရှိသည့် ငွေကျပ် ၁၄၉၂ သန်းကျော်ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ သုံးစွဲဆောင်ရွက် ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေမြင့်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်တို့အတွင်း ကတ္တရာလမ်းသစ်ခင်းခြင်း၊ ကွန်ကရစ်တံတားနှင့် ကွန်ကရစ်ရေပြွန် တည်ဆောက်ခြင်းလုပ်ငန်း သုံးခုတို့အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၈ သန်းကျော်အား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေနစ်နာဆုံးရှုံးစေခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးဟောင်း ဦးဇော်ဝင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ခံ ဝန်ထမ်းများထံမှ ငွေနှင့် ပစ္စည်း တန်ဘိုး ငွေကျပ် ၂၁ သိန်းခန့်ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီးလမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံ တင်ရောင်းချရရှိငွေကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာတွင်ပါဝင်သော အဖွဲ့များအား ဆုကြေးငွေ ခွဲဝေပေးရာတွင် ၎င်းအတွက် ငွေကျပ် ၅၇ သန်းကျော်အား ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့်ရယူခဲ့ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကောင်းမြို့နယ်ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို တောင်းခံရယူခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးဟောင်း ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်နယ်ပါတီရုံးနှင့် ဖားကန့် မြို့နယ်ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ ကျောက်မျက်လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၉၆၀ ကို တောင်းခံရယူခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးဟောင်း ဦးဝင်းညွန့်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဝိုင်းမော်မြို့နယ် ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ နေပြည်တော် ပါတီသုတေသနရုံး လိုအပ်သော ပစ္စည်းများဝယ်ယူရန် အကြောင်းပြကာ ငွေကျပ် သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံရယူခဲ့ခြင်း၊

    ပြည်နယ်ဝန်ကြီးဟောင်း ဦးနေဝင်းနှင့် ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့သည် ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခြင်းတို့ကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် အပေါ် ယင်းဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း ကချင်ပြည်နယ် တရားလွှတ်တော်တွင် ၂၀-၉-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၁၂/၂၀၂၁ အထိ အမှု ၁၂ မှုဖြင့် လက်ခံစစ်ဆေးခဲ့ပါသည်။ 

    ၎င်းအမှုများအပေါ်ပြစ်မှုထင်ရှားသဖြင့် ကချင်ပြည်နယ်တရားလွှတ်တော်က ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဒေါက်တာခက်အောင် အား  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်၊ ဦးဝေလင်း အား  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၉ နှစ် ကျခံစေရန်၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အား  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံစေရန်နှင့် ညွှန်ကြားရေးမှူး ဦးစိုးနိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၈ လနှင့် ဒဏ်ငွေ သုံးသိန်းကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ