အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း အပေါ် စီရင်ချက် အမိန့်ချမှတ်

  • Fri, 22 April 2022

နေပြည်တော် ဧပြီလ    ၂၂     ရက်

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး

စစ်ဆေးတွေ့ရှိချက်အရ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်း သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉.၂၂၀ အား ၎င်းနှင့်ပုဂ္ဂိုလ်ရေး ရင်းနှီးသော ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ တင်ဒါခေါ်ယူမှုမရှိဘဲ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့်စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့်အမိန့် ကြော်ငြာစာ) အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၁ နှင့် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ ၌ ငှားရမ်းခအား နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီလိုက်နာဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် တစ်နှစ် အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၃ သိန်းကျော်နှင့် မြေ အသုံးချမှု ပရီမီယံကြေး အမေရိကန်ဒေါ်လာ ၈.၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးသောင်းထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀-၁၂-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၁၊ ၄၂/၂၀၂၁ နှင့် ၄၃/၂၀၂၁ အထိ အမှု သုံးမှုဖြင့် လက်ခံ စစ်ဆေးခဲ့ပါသည်။

          ၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု သုံးမှုအတွက် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

ဆက်စပ် သတင်းများ