အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တို့အပေါ် စီရင်ချက် အမိန့်ချမှတ်

  • Fri, 22 April 2022

နေပြည်တော် ဧပြီလ ၂၂  ရက်

          ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက် များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီအရေးယူပေးပါရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံ ပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာ စာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းကို လိုက်နာမှုမရှိဘဲ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/၀)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအား ငွေစာရင်းခေါင်းစဉ် လျာထား သတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၅၆၂ သန်းကျော်ဖြင့် သုံးစွဲစေရေး ဆောင်ရွက်စေခဲ့ခြင်း၊ မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတားအသစ်ကို ငွေလုံးငွေရင်း ရန်ပုံငွေမှလျာထားခွင့်ပြု ထားခြင်းမရှိဘဲ ဦးကျော်လင်း၏ လမ်းညွှန်ချက်ဖြင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံ ငွေကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက် စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

            ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်း ဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် ထံမှတစ်ဆင့် အဆောက်အဦအထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက်ဝန်ထမ်းများထံမှ ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့ကြောင်း၊

          ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် မင်းကင်း မြို့နယ်သို့ သွားရောက်သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက် ဖူးမြော်၍ အလှူငွေနှင့် ဆန်အိတ်များ ပေးအပ် လှူဒါန်းရာတွင် ၎င်း၏ ညွှန်ကြားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများမှ စီစဉ်ပေးသည့် ဆန်အိတ် ၆၈ အိတ်ကို ထိုက်သင့်သည့် တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲ လက်ခံခဲ့ကြောင်း၊

          ဦးကျော်လင်းသည် ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန် အကြောင်းပြ၍ အလှူငွေ များကို ၎င်းကိုယ်တိုင်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ထမ်း များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်း ငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ် နှင့်လက်ကမ်း စာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် ၁၄-၁၂-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၅/၂၀၂၁ အထိ အမှု ၁၀ မှုဖြင့် လက်ခံစစ်ဆေးခဲ့ပါသည်။

          ၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအောင်မြင့်ဦးအား  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ်  ၄ နှစ် ကျခံစေရန် နှင့် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးရဲမင်းဇော် နှင့် ဦးနေအောင်ရဲမြင့် တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံ စေရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ