အနာဂတ်မျိုးဆက်များအတွက် အဂတိလိုက်စားမှုများအား ဆန့်ကျင်တိုက်ဖျက်ကြပါစို့
- Wed, 6 April 2022
နေပြည်တော်၊ ဧပြီ ၆
အဂတိလိုက်စားမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် တွေ့ကြုံနေရသော ပြဿနာတစ်ရပ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးသက်ရောက်မှုသည် ကြီးမားကျယ်ပြန့်သောကြောင့် နိုင်ငံအစိုးရများက နည်းလမ်းပေါင်းစုံဖြင့် ကိုင်တွယ်ဖြေရှင်းနေကြရပါသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာ၏အသိအမှတ်ပြုမှုကို ရရှိခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်၏ငွေကြေးနှင့်ပိုင်ဆိုင်မှုများ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများအား ဖော်ထုတ်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုကြောင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် ပေးသွင်းစေခြင်းနှင့် သိမ်းဆည်းခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာများအရ သိရှိရပါသည်။ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို တဖြည်းဖြည်းတိုးမြှင့်လုပ်ဆောင်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့သော တတိယအကြိမ်ကော်မရှင်လက်ထက်တွင် စုံစမ်းစစ်ဆေးအမှုဖွင့်အရေးယူမှုများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းကို နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် ကော်မရှင်ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်များတွင် တွေ့ရှိရပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်ပေါ်လာစေရေးတွင် ရင်ဆိုင်ကြုံတွေ့နေရသော အဓိက အဟန့်အတားများအနက် တစ်ခုအပါအဝင်ဖြစ်သော အဂတိလိုက်စားမှုများကို အရှိန်အဟုန်ဖြင့် တွန်းလှန်တိုက်ဖျက်ခြင်းများ ဆောင်ရွက်လာသည်ကို ပြည်သူတစ်ယောက်အနေဖြင့် ကျေနပ် အားရမိပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ခဲ့မှုများ
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကြောင့် ပြည်သူလူထုများကို ထောက်ပံ့ရေးပစ္စည်းများဖြင့် ထောက်ပံ့ခဲ့ရာ ၎င်းပစ္စည်းများကို ခိုးယူခြင်းနှင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီကို ၂၃-၁၂-၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ကော်မတီနှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးရဲအဖွဲ့တို့ကို ဖွဲ့စည်းပြီး ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုများကို ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီး (Penal Code) အခန်း(၉)၊ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းပပျောက် စေရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၈-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ ဖြင့် “လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၃/၂၀၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်သည့် ၁၇-၉-၂၀၁၃ ရက်နေ့မှစ၍ အာဏာတည်ခဲ့ပါသည်။ ပြောင်းလဲလာသောခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ယင်းဥပဒေကို ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂/၂၀၁၄ ဖြင့် ပုဒ်မလေးခုကိုလည်းကောင်း ၊ ဒုတိယအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၉-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃/၂၀၁၆ ဖြင့် ပုဒ်မသုံးခုကိုလည်ကောင်း ၊တတိယအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၈/၂၀၁၇ဖြင့် ပုဒ်မနှစ်ခုကိုလည်းကောင်း၊ စတုတ္ထအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၁-၆-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀/၂၀၁၈ ဖြင့် ပုဒ်မ ၂၄ ခုကိုလည်းကောင်း ပြင်ဆင် ခဲ့ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေ အား ၁၀-၇-၂၀၁၅ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၁၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
ကော်မရှင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၆/၂၀၁၄ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ယခင်လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်) အား ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင် ၁၃ ဦး၊ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသမိုင်းကြောင်းတွင် အရေးပါသည့် အပြောင်းအလဲ တစ်ခုဖြစ်ပါသည်။ ကော်မရှင်ကို ကောင်းမွန်လေးနက်သော ရည်ရွယ်ချက်များဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ် ချက် ခြောက်ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ဒုတိယအကြိမ်ကော်မရှင်ကို ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦး ၊ စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ တတိယအကြိမ်ကော်မရှင်ကို ၂၀-၂-၂၀၂၁ နေ့ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၇/၂၀၂၁ နှင့် ၇၈/၂၀၂၁ ဖြင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ကိုးဦး၊ စုစုပေါင်း ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၆-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၀/၂၀၂၁ ဖြင့် ထပ်မံတာဝန်ပေးခန့်အပ်ခဲ့သည့်အတွက် စုစုပေါင်း ၁၂ ဦး ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ကော်မရှင်၏ ဆောင်ရွက်ချက်များ
ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသော ကဏ္ဍသုံးရပ်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ကော်မရှင်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် နီးနီးကပ်ကပ်ပူးပေါင်းပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်ရုံးခွဲများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအဖြစ် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၂-၁၂-၂၀၀၅ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခြင်းကို ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် လည်းကောင်း၊ အရှေ့တောင်အာရှအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၄-၁၁-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီအဖွဲ့ဝင်အဖြစ် ၃၀-၁၁-၂၀၁၉ ရက်နေ့တွင် ၇၉ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း သဘောတူလက်မှတ်ရေးထိုးဝင်ရောက်ခဲ့သည်။ ၎င်းအပြင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဗီယက်နမ်နိုင်ငံ Government Inspectorate of Vietnam နှင့် ၁၅-၁၀-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ National Anti-Corruption Commission နှင့် ၁-၂-၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ လာအိုနိုင်ငံ State Inspection and Anti-Corruption Authority နှင့် ၁၅-၁-၂၀၁၈ ရက်နေ့ တွင် လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Anti-Corruption and Civil Rights Commission နှင့် ၃၀-၅-၂၀၁၈ ရက်နေ့တွင်လည်းကောင်း နားလည်မှု စာချွန်လွှာများရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နှစ်စဉ်ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကိုလည်း သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပလျက်ရှိပါသည်။