အဂတိ တိုင်ကြားစာနှင့် သတိပြုစရာ

  • Wed, 30 March 2022

                                                                                                                                                                                                                                                                                                                                                         လင်းလက်

ပြည်သူတို့ ပူးပေါင်းပါဝင်ရေး

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့သည်မှာ သက်တမ်းကာလ ရှစ်နှစ်ခန့်ရှိခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက် မှုသည် အရေးကြီးလှပါသည်။ ပြည်သူလူထု၏ ပူပေါင်းပါဝင်မှု ပုံစံအမျိုးမျိုးရှိသည့်အနက် အဂတိလိုက်စားမှု များကို ဖော်ထုတ် အရေးယူနိုင်ရေးတွင် သတင်းပေးတိုင်ကြားမှု အခန်းကဏ္ဍသည် အလွန်အရေးကြီး ပါသည်။ တိကျသေချာသည့် သတင်းအချက်အလက် မရရှိပါက မည်သည့် အဂတိလိုက်စားမှုကိုမျှ အရေးယူနိုင်မည် မဟုတ်သဖြင့် ပြည်သူများက အဂတိလိုက်စားမှုကို တွေ့ရှိရသည်ဖြစ်စေ၊ ကိုယ်တိုင် ကြုံတွေ့ခံစားရသည်ဖြစ်စေ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်တန်းခြင်းဖြင့် အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍာန်ဖော်ဆောင်ကာ အဂတိလိုက်စားမှုများကို ယခုထက် ပိုမိုဖော်ထုတ် အရေးယူသွားနိုင်မည်ဖြစ်ပါသည်။


သတင်းပေးပို့တိုင်တန်းနိုင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၄ တွင် “မည်သူမဆို အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍ သော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဉပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက် များကို ပေးပို့နိုင်သည်”ဟု ဖော်ပြပါရှိပါသည်။ 


နည်းလမ်း (၃) သွယ်

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တရားဝင် Website ဖြစ်သည့် https://www.accm.gov.mm တွင် အဂတိလိုက်စားမှုများကြောင့် နစ်နာရသူများအနေဖြင့် တိုင်ကြားစာ များကို နည်းလမ်းသုံးသွယ်ဖြင့် ပေးပို့နိုင်ကြောင်းဖော်ပြထားပါသည်။ (၁) လူကိုယ်တိုင်လာရောက် တိုင်တန်း ခြင်း၊ (၂) စာတိုက်မှတစ်ဆင့် တိုင်ကြားစာပေးပို့ခြင်းနှင့် (၃) ကော်မရှင်ရုံး၏ Website (https://www. accm.gov.mm) မှတစ်ဆင့် တိုင်ကြားခြင်းနှင့် email လိပ်စာ (accm@accm.gov.mm) မှတစ်ဆင့် တိုင်ကြားခြင်း တို့ဖြစ်ပါသည်။ စာတိုက်မှတစ်ဆင့် ပေးပို့ တိုင်တန်းလိုသူများအနေဖြင့် “သို့/ ဉက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရုံးအမှတ် (၅၆)၊ ဇေယျဌာနီလမ်း၊ ဉတ္တရသီရိမြို့နယ်၊ နေပြည်တော်” ဟု လိပ်မူပြီး တိုင်ကြားစာများ ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ လူကိုယ်တိုင်သွားရောက်တိုင်တန်းလိုသူများအနေဖြင့်လည်း ကော်မရှင်ရုံးသို့ ရုံးချိန်အတွင်း {တနင်္လာ နေ့မှ သောကြာနေ့အထိ (တရားဝင်ရုံးပိတ်ရက်များမပါ)၊ မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ} လာရောက် တိုင်တန်းနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။


လိုအပ်ချက်များ

       ထိုကဲ့သို့ တိုင်ကြားရာ၌ တိုင်ကြားစာများတွင် အောက်ဖော်ပြပါအချက်များ ပါဝင်ရန် လိုအပ်ကြောင်း Website တွင် ဖော်ပြထားပါသည်-

   တိုင်ကြားသည့် အမှုသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၏ နောက်ပိုင်းကာလများတွင် ဖြစ်ပွားသော အဂတိလိုက်စားမှုဖြစ်ရမည်။

      လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အဂတိလိုက်စားကြောင်း ပြင်ပတွင် ကြားသိနေသည့် အပြင်သိ၊ ပတ်ဝန်းကျင် အများပြောနေသည့် သတင်းကြားတို့ဖြင့် တိုင်ကြားခြင်းမပြုဘဲ အရေးကြီးသည့်သက်သေခံချက်ပါရှိရမည်။

        စုံစမ်းစစ်ဆေးရမည့် ကိစ္စဖြစ်ပါက အမှန်တကယ်နစ်နာသူ ဟုတ်၊ မဟုတ် သိရှိနိုင်ရန်၊ လိုအပ်ပါက ဆက်သွယ်ခေါ်ယူ မေးမြန်းစုံစမ်းနိုင်ရန်နှင့် အခြားသူ၏ အမည်ကို အလွဲသုံးစား ပြုလုပ်၍ တိုင်ကြားခြင်းအား ကြိုတင်ကာကွယ်နိုင်ရေးအတွက်တိုင်ကြားသည့် နစ်နာသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံပါရှိရမည်။

        တိုင်ကြားစာအား ကော်မရှင်သို့ မိတ္တူပေးပို့ပါက ကော်မရှင်အနေဖြင့် အရေးယူဆောင်ရွက် နိုင်မည် မဟုတ်ပါသဖြင့် ကော်မရှင်သို့ တိုက်ရိုက်လိပ်မူ ပေးပို့ရမည်။

        ကော်မရှင်သည် ပေးပို့လာသောတိုင်ကြားစာများအနက်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၂၁ (ဂ) အရ ကော်မရှင်သို့ တိုက်ရိုက်လိပ်မူတိုင်ကြားသော တိုင်ကြားစာများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဉပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုခုသို့ တိုင်ကြားသော တိုင်ကြားစာများနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဆိုပါ တိုင်ကြားချက်ကို ကော်မရှင်သို့ လွှဲပြောင်းပေးပို့သော တိုင်ကြားစာများကို စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပါသည်။

သတိပြုဘွယ်

တိုင်ကြားစာများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေ ပုဒ်မ ၂၂ အရ တိုင်ကြားသည့်ကိစ္စသည် ကော်မရှင်က စုံစမ်းစစ်ဆေးပြီးသော ကိစ္စဖြစ်ခြင်း၊ တိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်များ မပါရှိခြင်း သို့မဟုတ် လိုအပ်၍ ကြိုတင်ထောက်လှမ်း စုံစမ်းရာတွင်လည်း ခိုင်လုံသည့် သက်သေခံချက် မရရှိခြင်းနှင့် ထပ်မံတိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက် အသစ် မပါရှိခြင်းတို့ကို စိစစ် တွေ့ရှိရပါက ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်ပါ။ သို့ရာတွင် ကော်မရှင်အနေဖြင့် လက်ခံရရှိသည့် တိုင်ကြားစာများအနက် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ ထပ်မံစိစစ်ရန် လိုအပ်သည့် တိုင်ကြားစာများကို စိစစ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ လွှဲပြောင်း ပေးပို့ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေအရ ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်ခြင်း မရှိသည့် တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့်ဆောင်ရွက်ရန် မရှိကြောင်းနှင့် မည်သို့ဆောင်ရွက်သင့် ကြောင်းကို တိုင်ကြားသူ တစ်ဉီးချင်းထံ ပြန်ကြားခြင်းနှင့် လိုအပ်ပါက တိုင်ကြားသူများအား လက်ခံတွေ့ဆုံ၊ ဆွေးနွေး၊ ဖြေရှင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လုပ်ကြံတိုင်တန်းပါက

သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေ ပုဒ်မ ၄၆ တွင်မူ “ပုဒ်မ ၄၄ အရ သတင်းပေးပို့ချက် သို့မဟုတ် တိုင်တန်းချက် ပေးပို့သူသည် ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဉီး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ သတင်းပေးပို့ချက်ကိုဖြစ်စေ၊ တိုင်တန်းချက်ကို ဖြစ်စေ တမင်ပြုလုပ်ကြောင်း ပေါ်ပေါက်ပါက အရေးယူခံရမည်” ဖြစ်ကြောင်းကိုလည်း ပြဋ္ဌာန်းထားပါသည်။ “မည်သူမဆို ပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဤဉပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟုသော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်း ဖြစ်သည်ဟုသော်လည်းကောင်း မမှန်မကန် သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်” ဟု ပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်ရာ လူတစ်ဉီးတစ်ယောက်အား နစ်နာစေလိုသော ရည်ရွယ်ချက်မျိုးဖြင့် တိုင်တန်းခြင်း ပြုလုပ်ပါက ဉပဒေအရ အရေးယူခြင်းခံရနိုင် သည်ကို သတိပြုသင့်ပေသည်။

တိုင်ကြားစာနှင့် အခြေအနေမှန်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website တွင် ဖော်ပြထားသည့် အချက်အလက်များ အရ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် တိုင်ကြားစာပေါင်း ၅၉၆၃ စောင်ကို လက်ခံရရှိခဲ့ပြီး ယခင်နှစ် ၂၀၁၉ မှ စိစစ်ရန် ကျန်ရှိနေသော တိုင်ကြားစာ ၁၀၄၄ စောင်အပါအဝင် တိုင်ကြားစာ စုစုပေါင်း ၇၀၀၇ စောင်အား အမျိုးအစားခွဲခြားရာတွင် အဂတိလိုက်စားကြောင်း ဖော်ပြတိုင်တန်းသည့် တိုင်ကြားစာမှာ စောင်ရေ ၇၀ သာရှိသည်ကို တွေ့ရှိပြီး အဆိုပါ စောင်ရေ ၇၀ ကို အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။  တိုင်ကြားစာ ၁၃၀၄ စောင်ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး တိုင်ကြားစာ ၂၃၁၅ စောင်နှင့် စပ်လျဉ်း၍ ပြည်သူများထံ အကြံပြုချက်ဖြင့် အသိပေးပြန်ကြားခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် တိုင်ကြားသူ ၁၆၂ ဉီးအား လက်ခံတွေ့ဆုံ ဆွေးနွေးဖြေရှင်းခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနှင့် အကျုံးဝင် သက်ဆိုင်ခြင်း မရှိသည့် တိုင်ကြားစာစုစုပေါင်းမှာ ၃၀၆၇ စောင်ရှိသဖြင့် တိုင်ကြားစာ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရှိရပါသည်။ 

အဂတိကင်းစင်ရေး၊ သင့် တာဝန်နှင့် သတိပြုရေး

ကော်မရှင်ရုံးသို့ တိုင်ကြားသည့် တိုင်ကြားစာ အများစုတွင် “အဂတိလိုက်စားမှုနှင့် မသက်ဆိုင် သည့်ကိစ္စရပ်များကို တိုင်ကြားခြင်း၊ ဉပဒေအရ တရားရုံးတွင် တရားစွဲဆိုဖြေရှင်းရမည့် ကိစ္စဖြစ်နေခြင်း၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် အကြိမ်ကြိမ်တိုင်ကြားနေခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက ဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်နေခြင်း၊ တိုင်ကြားစာတွင်ပါဝင်သည့် အကြောင်းအရာ များမှာ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် အချက်အလက်များ မပါရှိခြင်း၊ မည်သည့် အထောက်အထား၊ သက်သေမှ မပါရှိဘဲ ယေဘုယျဆန်ဆန် ရေးသား တိုင်တန်းထားခြင်း၊ တိုင်ကြားသူ၏  လက်မှတ် (သို့) တိုင်ကြားသူ၏ အမည်မပါရှိဘဲ ပစ်စာသဘော တိုင်ကြားထားခြင်း” စသည့် အဂတိလိုက်စားမှုနှင့် သက်ဆိုင်ခြင်းမရှိသည့် တိုင်ကြားစာများ ဖြစ်နေကြောင်းကို တွေ့ရှိရပါသည်။ 

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုများကို တိုင်တန်း ဖော်ထုတ်ကြရာတွင် အဂတိ လိုက်စားမှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ အထောက်အထားခိုင်လုံစွာနှင့် တိုင်ကြားရန် လိုအပ်မည် ဖြစ်ပါသည်။ အခြားသူတစ်ဉီးတစ်ယောက်အား ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန်တိုင်ကြားပါ ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေအရ အရေးယူခြင်းခံရနိုင်သဖြင့် သတိပြု ဆင်ခြင် သင့်ပါသည်။ အချုပ်အားဖြင့် အဂတိပယ်ခွာ ပြည်သာယာရေး၊ ပြည်သူအပေါင်းမှလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်ရေး ဤသတင်းဆောင်းပါးနှင့် နှိုးဆော်အသိပေး တင်ပြအပ်ပါသည်။


ရည်ညွှန်းကိုးကားသည့် စာအုပ် စာစောင်များစာရင်း

- အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေ

- ကော်မရှင်ရုံး Website တွင်ဖော်ပြထားသည့် အချက်အလက်များနှင့် အခြားအချက်အလက်များ


ဆက်စပ် သတင်းများ