အကျပ်အတည်းကာလနှင့်အဂတိလိုက်စားမှု

  • Thu, 17 March 2022

    နေပြည်တော်၊ မတ်လ ၁၇ ရက်

    ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ လျင်မြန်စွာကူးစက်ပြန့်ပွားလာသည်မှာ မျိုးရိုးဗီဇပြောင်း အဆင့်ဆင့်ပြောင်းလဲလာမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် စံနမူနာပြုရသည့် အမေရိကန်နိုင်ငံတွင် သေဆုံးမှုအမြင့်ဆုံးဖြစ်နေသည်ကို တွေ့မြင်ရပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများအနေဖြင့် မိမိတို့ နိုင်ငံသားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း တွေ့၊ မြင်၊ ကြားသိရပါသည်။ 

    မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ထည့်သွင်းရေးဆွဲလျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိကအရေးပါသော လုပ်ငန်းစဉ်ဖြစ်သည့် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ လည်း ပြည်သူများ ကာကွယ် ဆေးထိုးနှံကြရန် အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။ 

    ဖွံ့ဖြိုးမှုအမြင့်မားဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံ၊ ပြင်သစ်နိုင်ငံကဲ့သို့သော နိုင်ငံများပင်လျှင် ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ကြိုတင်တွက်ဆစီမံမှုများ ပြုလုပ်ထားသော်လည်း ကပ်ရောဂါ၏ ရိုက်ခတ်မှုမြင့်မားချိန်များတွင် အလူးအလဲခံကြရသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ၄-၁၀-၂၀၂၁ ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၄၄၉၀၈၉၇ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၇၁၉၆၇၄ ဦးရှိသည်ကို တွေ့ရှိရပါသည်။ 

    ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာမှုများသည် အဂတိလိုက်စားရန် အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုအကြောင်းအရာသည် ကမ္ဘာ့ကပ်ရောဂါ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေသည့်အပြင် အစိုးရနှင့် ပြည်သူများ အကြား ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်မှုများတွင် အဂတိလိုက်စားမှုမဖြစ်ပေါ်စေရန် အရေးကြီးပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ငန်းစဉ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လှပါသည်။ 

    ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ ကုသမှုကို အထောက် အကူပြုပေးမည့် ကျန်းမာရေးဆိုင်ရာဆေးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ဝယ်ယူရေးလုပ်ငန်းစဉ်များကို ကြန့်ကြာမှုမရှိစေရေး၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရခြင်းများ ကြောင့် ဝယ်ယူရေးလုပ်ငန်းစဉ်များအတွက် ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၊ စံနှုန်းများ ကို လိုက်နာဆောင်ရွက်ရန် ချို့ယွင်းခြင်း၊ လုပ်ပိုင်ခွင့်ရှိသူများက ယင်းအကျပ်အတည်းကို အခွင့်ကောင်းယူ၍ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ ဖြစ်ပေါ် နိုင်သဖြင့် အဂတိလိုက်စားနိုင်ခြေ အခွင့်အလမ်းများ ပိုမိုများပြားလာနေပါသည်။ ထိုသို့သော အခြေအနေများတွင် ပုံမှန်ချမှတ်ဆောင်ရွက်နေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများ ဖြင့် လုံလောက်မှုမရှိတော့ဘဲ ဦးစားပေးသတ်မှတ်ချက်များ ကဏ္ဍအလိုက် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ကြရပါမည်။ 

    ဆေးဝါးသုတေသန ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှုများတွင် စည်းမျဉ်းစည်းကမ်းများ တိကျစွာချမှတ်ကျင့်သုံးရန်လိုအပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း အများပြည်သူ အကျိုးစီးပွားကိုရှေ့ရှုလုပ်ဆောင်ကြရပေမည်။ ၎င်းလုပ်ငန်းစဉ်များအပေါ်တွင် အဖွဲ့အစည်းများ ၏ စောင့်ကြည့်ထိန်းကျောင်းမှုများ မပြတ်ဆောင်ရွက်ရန် လိုအပ်ပြီး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍လည်း အများပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ရန် လွန်စွာအရေးကြီးပေသည်။ သို့မှသာ ပြည်သူများအနေဖြင့် သတင်းမှန်များသိရှိပြီး စဉ်းစားဆင်ခြင်တွေးခေါ်နိုင်စွမ်း မြင့်မားလာ ကာ စောင့်ကြည့်ထိန်းကျောင်းမှုများ အားကောင်းလာမည် ဖြစ်ပါသည်။ ဤသို့ဖြင့် အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းသည့်စနစ် (watch and balance) အားကောင်းလာပြီး အကျပ်အတည်း များမှ အလွယ်တကူ ရုန်းထနိုင်မည် ဖြစ်ပါသည်။ 

    နိုင်ငံတိုင်းရှိ အစိုးရသည် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးတို့နှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ဆောင်မှုပေးရသူများဖြစ်ပါသည်။ ထိုသို့ ဝန်ဆောင်မှုပေးနိုင်ရန်မှာ ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်အခများအပေါ် များစွာမှီတည် နေပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် ကျသင့်သည့် အခွန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်မှာ နိုင်ငံသားတို့၏ တာဝန်ဖြစ်ပါသည်။ 

    မြန်မာနိုင်ငံတွင် ၂၅-၅-၂၀၂၁ ရက်နေ့မှစ၍ ကိုဗစ်တတိယလှိုင်း စတင်ရိုက်ခတ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံ ပြည်သူများသို့ Oxygen အိုးများ၊ Mask များ၊ PPE ဝတ်စုံများ၊ Hand Gel များ၊ Face Shield များ၊ လက်ဆေးဆပ်ပြာပုံးများ၊ Surgical Glove များ၊ ခေါင်းစွပ်များ၊ ဆေးပစ္စည်း၊ စားသုံးဆီ၊ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ၊ အလှူငွေများ ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ ၎င်းအပြင် ရောဂါကာကွယ်ထိန်းချုပ် တားဆီးကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက်ကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအား ၁၈-၁၂-၂၀၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်မှ ရန်ပုံငွေကျပ် ၂၁၅.၇၇၅ ဘီလီယံနှင့် နိုင်ငံခြားငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၂၅၀ သန်း မတည်၍ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂-၁၀-၂၀၂၁ ရက်နေ့အထိ ကာကွယ်ဆေး (၂) ကြိမ်အပြည့်ထိုးနှံပြီး လူဦးရေ ၃၈၇၂၉၅၆ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီး လူဦးရေ ၄၅၁၇၇၉၀ ဦးရှိပါသည်။ 

    ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ အာဆီယံနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ အိန္ဒိယစသည့် နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးများ၊ လူနာတင်ယာဉ်များနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများစသည့် ကူညီပံ့ပိုးမှုများ ရရှိခဲ့ပါသည်။ 

    ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းကာလအတွင်းတွင် သတင်းအမှားများအား ရည်ရွယ်ချက် ရှိရှိဖြင့် လူမှုကွန်ရက်များတွင် ဖြန့်ဝေနေခြင်းသည်လည်း ကိုဗစ်-၁၉ ၏ ဖြစ်ရပ်မှန်များအကြောင်း ထုတ်ဖော်ပြောကြားသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအကြား ယုံကြည်မှု ပျက်ပြား စေသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူ ပြည်သူများအကြား အခက်အခဲ အကျပ်အတည်းများကို ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ကပ်ရောဂါထက် သတင်းမှား ကပ်ရောဂါ (Infodemic) မှာ တွန်းလှန်တိုက်ဖျက်ရန် ပိုမိုခက်ခဲလျက်ရှိပေသည်။ သို့ဖြစ်၍ အစိုးရသည် ပြည်သူများထံမှ ယုံကြည်မှုကို ရရှိရန်နှင့် ရရှိထားသော အပြန်အလှန်ယုံကြည်မှုများ ပျက်ပြားမသွားစေရန် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ကြရန် အရေးကြီးပါသည်။ 

    အဂတိလိုက်စားမှုဖြစ်နိုင်ခြေများအနေဖြင့် လူနာများသည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို အမြန်ဆုံးရရှိရန် လာဘ်ပေးလိုခြင်းများရှိနိုင်ပြီး ယင်းကြောင့် လာဘ်မပေးနိုင်သည့် လူနာများ မှာ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် အသက် ဆုံးရှုံးရခြင်းများ ရှိနိုင်ပါသည်။ ယင်းသည် မျှတမှုကို ယိမ်းယိုင်စေပြီး အစိုးရ ဝန်ဆောင်မှုများအပေါ် ပြည်သူက ယုံကြည်မှုကင်းမဲ့သွားစေပါသည်။

    အကျပ်အတည်းကာလအတွင်း ပစ္စည်းပေးသွင်းမှုများတွင် အရည်အသွေးမပြည့်မီခြင်း၊ ဈေးအဆမတန်တင်သွင်းရောင်းချခြင်း၊ ဈေးကွက်အတွင်း စံချိန်မမီသော ထုတ်ကုန်များ၊ ထုတ်ကုန်အတုများ ဝင်ရောက် မှုများပြားလာခြင်းတို့ဖြစ်ပါသည်။ ယခင်က Social Media ပေါ်တွင် ပင်လျှင် Mask များ ၊ Oxygen စက်ဈေးနှုန်းများ ၊ Oximeter ကိရိယာဈေးနှုန်းများ အဆမတန် မြင့်မားကာ ဝယ်ယူ၍ပင် မရနိုင်လောက်အောင် ပစ္စည်းများ ပြတ်လပ်လျက်ရှိသည်ကို မြင်နေ၊ ကြားနေကြရပါသည်။ ပြည်သူများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် အချို့သော ဝိသမလောဘသမားများ၏ ဆေးနှင့်ဆေးပစ္စည်းများ၊ Oxygen အိုးများ ဈေးကစားလိုမှုဖြင့် သိုလှောင်သိမ်းဆည်းထားသည့်အတွက် ဈေးအဆမတန် တက်ခြင်းအား ကုစားနိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ Oxygen နှင့် ဆက်စပ်သည့် ပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်းရာတွင် အခွန်နှုန်းထားများ လျှော့ချကောက်ခံခဲ့ပြီး မြန်မြန်ဆန်ဆန်ဖြင့် နိုင်ငံတွင်းသို့ ရောက်ရှိနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ခြင်းနှင့် ဆေးဝါးများ၏ ပေါက်ဈေးများအား နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ဖော်ပြပေးလျက်ရှိခြင်းတို့ကြောင့် ယနေ့အချိန်တွင် ဆေးဝါးနှင့် ပတ်သက်၍ အခက်အခဲမရှိ အဆင်ပြေနေပြီ ဖြစ်ပါသည်။ 

    စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း အခက်အခဲအကျပ်အတည်းပေါ် အခွင့်ကောင်းယူ ၍ ဈေးနှုန်းများ အဆမတန်တင်၍ ရောင်းချခြင်း မပြုသင့်ကြပေ။ ထိုသို့အဆမတန် ဈေးနှုန်းတင်၍ ရောင်းချခြင်းသည်လည်း ဖြောင့်မတ်တည်ကြည်မှုကျိုးပျက်သည့် ဆန္ဒာဂတိပင်ဖြစ်ပါသည်။ အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်ရှိမှု Corruption Risk များကို ဖယ်ရှားဆောင်ရွက်နိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရပါမည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေး အသိုက်အဝန်း တည်ထောင်ရန်မှာလည်း အဂတိတရား ကင်းသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်တီးခြင်းပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ အစိုးရ အဖွဲ့အစည်းတစ်ခုတည်းသာလျှင် တာဝန်ရှိသည် မဟုတ်ပါ။ မှီတင်းနေထိုင်သည့် နိုင်ငံသားများ ကလည်း ကျရာကဏ္ဍတွင် ဖြောင့်မတ်မှန်ကန်စွာ တာဝန်ထမ်းဆောင်မှု၊ နိုင်ငံသားတာဝန်ကျေပွန်မှု အကျပ်အတည်းကာလကို ဖြတ်ကျော်နိုင်ရေး အစိုးရနှင့်ပြည်သူအတူတွေး၍ အတွေးတူစွာ ပူးပေါင်း ဆောင်ရွက်မှုတို့သည် လွန်စွာအရေးကြီးပါတော့သည်။ 


ရေးသားသူ-စိန်းလန်းမြေ

ဆက်စပ် သတင်းများ