ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 28 February 2022

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၈ ရက်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။

        စုံစမ်းစစ်ဆေးရေးအဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅သန်းကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင်(အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်အား နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကို အကြောင်းပြု၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ပေးအပ်ခဲ့ပြီး အဆိုပါမြေနေရာအား ပြန်လည်အလှူခံ ရယူခဲ့ခြင်း၊

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း လွိုင်လင်လေးနှင့် နန်းမယ်ခုံရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ရှစ်ခန်းတွဲနှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်မြင်သော ကုမ္ပဏီထံမှ ပေးအပ်သည့် စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်မြို့တွင်းလမ်း Platform ဆောင်ရွက်ခြင်း လုပ်ငန်း၊ Slab Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ရုံးသစ် နှစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ပေးအပ်သည့် စုစုပေါင်း‌ ငွေကျပ် ၈၂ သိန်းကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊

  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဧည့်ရိပ်သာတို့အား လျှပ်စစ်မီးအလှဆင်ခြင်းနှင့် လွိုင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါ်ခေါ်ယူဆောင်ရွက်ခြင်းမပြုသဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်အခနှင့် နိုင်ငံတော်ငွေကြေး သက်သာခွင့်များ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းတွင် ၂၇-၂-၂၀၂၂ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် အခြားသော စစ်ဆေးပေါ်ပေါက်ချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအတွက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄၀ သန်းဖြင့် တင်ဒါခေါ်ယူ ဝယ်ယူခဲ့သည့် ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခ ရငွေများအား ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလတွင် စက်ယန္တရားငှားရမ်းခရငွေ ငွေကျပ် ၃၁၁ သန်းကျော်ထဲမှ ငွေကျပ် ၂၃၄ သန်းကျော်ကို ဌာနဆိုင်ရာငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ၎င်း၏ အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ ကယားပြည်နယ်နေ့အခမ်းအနားနေ့ ကျင်းပသည့် အစိုးရမြေနေရာ (ကယားဒေးကွင်း)အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်းခွင့်ပြုခဲ့ခြင်းတို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ