အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တရားစွဲဆိုခံရသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း အပေါ် စီရင်ချက် အမိန့်ချမှတ်

  • Thu, 17 February 2022

  နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၇ ရက်

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုများရှိသောကြောင့် အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းသည့် အလှူငွေကျပ် ၂၃၉ သန်းကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာ အမှတ် ၅၈/၂၀၁၉ နှင့်အညီ ဆောင်ရွက်ခြင်းမရှိပဲ မိမိတစ်ဦးတည်း သဘောဖြင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် သုံးစွဲခြင်းနှင့် ပါတီလုပ်ငန်းများတွင် သုံးစွဲထောက်ပံ့ခြင်း၊

    ပဲခူးမြို့နယ်အတွင်း တပ်စွန့်လွှတ်မြေပေါ်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ တစ်ခုက လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက်ပေးအပ်သည့် ငွေကျပ်သိန်း ၁၀၀ ကို လက်ခံရယူခဲ့ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီဥက္ကဋ္ဌတစ်ဦးထံမှ ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ ကို လက်ခံရယူပြီး အလှူငွေစာရင်းတွင် ထည့်သွင်းရေးသားမှုမပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလဆန်းပိုင်းတွင် လုပ်ငန်းရှင် တစ်ဦးမှ ပေးအပ်သည့် ငွေကျပ် သိန်း ၅၀ ကို လက်ခံရယူခဲ့ခြင်း၊

    ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပဲခူးတိုင်းဒေသကြီးအတွင်း မြေဧက ၄၀၀ ခန့်အား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ရာ မြေဧက ၂၀၀ ကျော်အား လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပေးအပ်သည့် မော်တော်ယာဉ် တစ်စီးကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊

    ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး လွှတ်တော်တို့၏ တားမြစ်ကန့်ကွက်မှုများအပေါ် လျစ်လျူရှုပြီး ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ Bago Region Construction Control Authority (BRCCA) ကို ၎င်းတစ်ဦးတည်း သဘောဖြင့် ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အား အစိုးရအဖွဲ့ အဝန်းအဝိုင်း အတွင်းရှိ မြေ၊ အဆောက်အဦ၊ ရုံးသုံးပရိဘောဂ၊ ရေ/မီးနှင့် မော်တော်ယာဉ်တို့အား အခမဲ့သုံးစွဲခွင့်ပြုခဲ့သည့်အပြင် ဒေသတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးခဖြစ်သော လုပ်ငန်း ပမာဏ ခွင့်ပြုငွေ၏ ၂% ဖြစ်သည့် ငွေကျပ် ၁၁၃၆ သန်းကျော် အား ၎င်းအဖွဲ့၏ ဘဏ်ငွေစာရင်း၌ လက်ခံရယူခဲ့ပြီး ၎င်းအနက်မှ ဝန်ဆောင်ခအဖြစ် ၀.၃ % ဖြတ်တောက် ရယူခဲ့ခြင်းအပေါ် ကြပ်မတ်စိစစ်ရန် ပျက်ကွက်ခဲ့သဖြင့် ၎င်းသဘောနှင့် ဖွဲ့စည်းခဲ့သော BRCCA/ BRCB(T) အဖွဲ့အား ဥပဒေနှင့် အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးများကို ရရှိစေရန်အတွက် တစ်ဖက်တစ်လမ်းမှ သွယ်ဝိုက် စီမံဆောင်ရွက်ပေးခဲ့ခြင်း၊

    ၂၀၁၇-၂၀၁၈ မှ ၂၀၁၈-၂၀၁၉ ထိ ဘဏ္ဍာရေးနှစ် လေးနှစ်တာကာလအတွင်း ပိုလျှံရန်ပုံငွေများဖြင့် လျှပ်စစ်လမ်းမီး ထွန်းညှိခြင်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူခြင်းမရှိပဲ ငွေကျပ်သန်း ၂၀၀၀ ခန့် တန်ဖိုးရှိသည့် လုပ်ငန်း ၁၅ ခုအား ကုမ္ပဏီ တစ်ခုတည်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတော် ဘဏ္ဍာငွေမှ သက်သာစေမည့် တင်ဒါပိုလျှံငွေများ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကြောင့် ဝန်ကြီးချုပ် ဟောင်း ဦးဝင်းသိန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပဲခူးတိုင်းဒေသကြီးတရား လွှတ်တော် တွင် ၈-၇-၂၀၂၁ ရက်နေ့၌  တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သတင်းဖော်ပြပြီးဖြစ်ပါသည်။ 

    ၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁၊ ၂/၂၀၂၁၊ ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁ နှင့် ၇/၂၀၂၁ တို့ အတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီဖြင့် ၁၈ နှစ် ၊ ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၂၁ အတွက် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အမှု ခုနစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ