ချစ်ခြင်း၊ မုန်းခြင်း ကင်းသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် သိကောင်းစရာများ(၁)

  • Wed, 12 January 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သဘောထား

၁၅-၃-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သော အမှာစကားကောက်နုတ်ချက်အရ - မိမိတို့ တာဝန်ထမ်းဆောင်ချိန်တွင် အဂတိတရားကင်းရှင်းစွာဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် NLD ပါတီမှ ပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့်ပတ်သက်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် ကောင်းမွန်စွာ ထားရှိစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဖော်ထုတ်ရရှိသည့် ၎င်းတို့၏ ပြောကြားချက်များမှ အချို့ကို သတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ်သလို ထပ်မံဖော်ထုတ်ရရှိမှုများကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုများ ကျူးလွန်ထားသည့် ပြည်နယ်/တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့်ရှိ တာဝန်ရှိသူများကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။


ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော ဥပဒေများသာဖြစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ယခုမှအသစ်ပြဋ္ဌာန်းခြင်း မဟုတ်ပါ၊ ဥပဒေအာဏာ တည်ခဲ့သည့်နေ့မှာ ၁၇-၉-၂၀၁၃ ရက်နေ့ဖြစ်ပါသည်။ ပထမအကြိမ်ပြင်ဆင်ခြင်းကို ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၂/၂၀၁၄)ဖြင့် ပုဒ်မ (၄)ခုအား ပြင်ဆင်ခဲ့သည်။ ဒုတိယအကြိမ် ပြင်ဆင်ရာ၌ ၂၉-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၃/၂၀၁၆)နှင့်လည်းကောင်း၊ တတိယအကြိမ် ပြင်ဆင်ခြင်းအား ၃၁-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၈/၂၀၁၇)နှင့်လည်းကောင်း၊ စတုတ္ထအကြိမ် အဖြစ် ၂၁-၆-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၀/၂၀၁၈) နှင့် ပုဒ်မ(၂၄)ခု အား ပြင်ဆင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤဥပဒေများကို (မူကြမ်း) ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက်များရယူကာ နိုင်ငံတကာဥပဒေများနှင့်လည်း ရင်ဘောင်တန်းနိုင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်များ ပေါ်ထွန်းလာစေရန် ချစ်ခြင်း၊ မုန်းခြင်း ကင်းရှင်းစွာဖြင့် ၂၀၁၃ ခုနှစ်ကပင် စတင်ရေးဆွဲပြဋ္ဌာန်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

ကော်မရှင်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

ကမ္ဘာ့ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတကာဖွဲ့စည်းထားရှိမှုများအရ ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီအစိုးရပေါ်ထွက်လာပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အား ဖွဲ့စည်းရန် စတင်ကြိုးပမ်းခဲ့ရာ ပထမအကြိမ် ကော်မရှင်အား ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁၃)ဦး၊ စုစုပေါင်း (၁၅)ဦးတို့နှင့် ဖွဲ့စည်းခဲ့ပြီး၊ ၁၀-၃-၂၀၁၄ ရက်နေ့တွင် နေပြည်တော်၌  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယအကြိမ် ကော်မရှင်အား အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီးနောက် ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း (၁၂)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ 

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၉)ဦး၊ စုစုပေါင်း (၁၁)ဦးတို့နှင့် ဖွဲ့စည်းတာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ဤကော်မရှင် အား ၂၀-၂-၂၀၂၁ ရက်နေ့တွင် စတင်တာဝန်ပေးအပ်ခဲ့ပြီး ယခင်အစဉ်အဆက်ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော ဥပဒေများအတိုင်း အရေးယူစီမံဆောင်ရွက်လျက်ရှိကြခြင်း ဖြစ်ပါသည်။ ဥပဒေများ၊ နည်းဥပဒေများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများ မရှိဘဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းတာဝန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အဓိကဖြစ်ပါသည်။ ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် အလေးအနက်ခံယူ၍ အဂတိလိုက်စားမှုများအား အရေးယူ ဆောင်ရွက်သွားရန်ဖြစ်ပြီး၊ ပြည်သူများသို့လည်း အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း လုပ်ငန်းတာဝန်များကိုလည်း စီမံဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ကော်မရှင်၏ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံတစ်ဝှမ်းတွင် အစိုးရဌာနများအပါအဝင် ပျံ့နှံ့လျက်ရှိသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်လက်တွဲ၍ အရေးယူတိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေရန် မျှော်မှန်းပါသည်။ ရည်ရွယ်ချက်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်နှင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ ဖြစ်ထွန်းလာစေရန် အဓိကဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ဘဏ္ဍာများ၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်နှင့် အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်လည်း ရည်ရွယ်ပါသည်။


မောင်ချစ်အေး

[ မှတ်ချက်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများနှင့် ဆောင်ရွက်ချက် သိကောင်းစရာများ ဆက်လက်တင်ပြသွားပါမည်။ ]

ဆက်စပ် သတင်းများ