နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အမှုဖွင့်လှစ် အရေးယူ

  • Thu, 3 February 2022

နေပြည်တော်၊ ဖေဖော်ဝါရီလ ၃ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သောဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ပေးအပ်သော အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ (ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာ တို့ကို သုံးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် မြေ ၁.၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသော နှုန်းထားနှင့် ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁.၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃.၈၅၅ ဧကကို  နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း မဟုတ်ဘဲ ထိုက်သင့်သည့် တန်ဖိုးထက် များစွာလျော့နည်းလျက် ပေးချေခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အဆောက်အဦ နေအိမ်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများ ထဲမှ ငွေကျပ်သန်း ၁၆၀၀ ကျော်ကို သုံးစွဲဆောက်လုပ်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ရာ နေပြည်တော်သီးသန့် တရားရုံးတွင် ရုံးထိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

        ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းများအဆင်ပြေစေရန်တို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြ၍ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း)ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းတွင် ၃-၂-၂၀၂၂ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ