နိုင်ငံ့သားကောင်းပီသခြင်း

  • Thu, 27 January 2022

    နိုင်ငံတစ်နိုင်ငံတွင် လူတစ်ယောက်မွေးဖွားလာခဲ့လျှင် ထိုနိုင်ငံ၏ နိုင်ငံသား အလိုအလျောက် ဖြစ်သည်ဟု လူအများက အလွယ်တွေးထင်ခဲ့ကြသည်။ အမှန်တကယ်မှာမူ နိုင်ငံသားဆိုသည်မှာ ထိုမျှ  မကဘဲ နိုင်ငံ၏ ရိုးရာဓလေ့၊ အစဉ်အလာနှင့် ဥပဒေကို လေးစားလိုက်နာသူ၊ နိုင်ငံတော်၏ တာဝန်များကို ဝေပုံကျထမ်းဆောင်ပြီး နိုင်ငံသားများ ခံစားရမည့် မူလအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိသူဖြစ်သည်။ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရမည့် တာဝန်နှင့် နိုင်ငံတော်ကပေးသည့် အခွင့်အရေးမှန်သမျှကို ခံစားရယူဖို့ အခွင့်အရေးများ ရှိပါသည်။

    နိုင်ငံသားဖြစ်ခွင့် ဆိုသည်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီပါ။ မြန်မာနိုင်ငံတွင်  နိုင်ငံသားဖြစ်ရခြင်းကို တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများကို နိုင်ငံသားဖြစ်သည်ဟု သတ်မှတ်ပါသည်။ နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံ့သားကောင်း ပီသစေရန်အတွက် ရှိသင့်သည့် ဂုဏ်အင်္ဂါအရည်အချင်းများကို နားလည်ရန် လိုအပ်ပါသည်။ နိုင်ငံ့သားကောင်း ပီသစေရန်အတွက် ပြည့်စုံရမည့် အရည်အချင်းများအနက် အချို့ကို ဖော်ပြလိုက်ရပါသည် - 

    အသိဉာဏ်နှင့်ပြည့်စုံခြင်း - အသိဉာဏ်နှင့်ပြည့်စုံရန်အတွက် ကျောင်းသင်ဘာသာရပ် များကို ကိုယ်တိုင်စဉ်းစားဆင်ခြင် ဝေဖန်သုံးသပ်မှု၊ ကိုယ်တိုင်ကြုံတွေ့ရသည့် အတွေ့အကြုံမှရသည့် ဗဟုသုတ   ရှိမှု၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်မှု၊ စဉ်းစားဆင်ခြင်တတ်မှုများနှင့် ပြည့်စုံမှသာလျှင် အသိဉာဏ်ပညာ ဗဟုသုတနှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပါမည်။

    အများအကျိုးအတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက်ခြင်း - အများအကျိုးကို ဆောင်ရွက်ရာတွင် မိမိအကျိုးစီးပွားသည် အလိုအလျောက် ပါဝင်သွားတတ်သည့် သဘောကို ကောင်းစွာနားလည်သဘောပေါက်ရန် လိုပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်ကျိုးအတွက်၊ ကိုယ့်ဆွေမျိုး အတွက်လောက်သာ အလေးထားပြီး လုပ်ဆောင်ခြင်းသည် နိုင်ငံ့သားကောင်း ပီသသည့် လုပ်ဆောင်မှုမျိုးမဟုတ်ပါ။ 

    ထို့ကြောင့် နိုင်ငံသားကောင်းတို့၏ အရည်အချင်းများကို သိရှိစောင့်ထိန်းပြီး ပိုမိုကောင်းမွန်သော နိုင်ငံတော်တည်ဆောက်နိုင်စေရန် မျှဝေရေးသားလိုက်ရပါတော့သည်။ 

ကိုးကား - ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်