အဂတိလိုက်စားမှုများကို တိုင်ကြားရာတွင် သတိပြုရမည့် အကြောင်းမညီညွတ်မှုများ

  • Tue, 25 January 2022

    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း တိုင်ကြားစာစုစုပေါင်း (၁၃၃၄) စောင် လက်ခံရရှိပြီး ၂၀၂၀ ပြည့်နှစ်  စိစစ်ဆဲလက်ကျန် (၂၉၉) စောင်၊ စုစုပေါင်း တိုင်ကြားစာ (၁၆၃၃) စောင်အပေါ် စိစစ်ဆောင်ရွက်ခဲ့ရာ အရေးယူဆောင်ရွက်ပေးနိုင်တဲ့ တိုင်ကြားစာ (၈၈၇) စောင်၊ အရေးယူဆောင်ရွက်မပေးနိုင်တဲ့ တိုင်ကြားစာ (၇၀၄) စောင်ရှိပြီး စိစစ်ဆဲတိုင်ကြားစာ (၄၂) စောင် ရှိပါတယ်။ 

    ကော်မရှင်အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း တိုင်ကြားစာ ၁၆၀၀ ကျော် လက်ခံရရှိခဲ့ပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးနိုင်တဲ့ တိုင်ကြားစာဟာ (၅၄.၃၂%)  ရှိပြီး ကျန်ရှိတဲ့ (၄၃.၁၁%) ဟာ ဥပဒေနဲ့ အကျုံးမဝင်တဲ့ တိုင်ကြားစာတွေ၊ မိတ္တူပေးပို့တဲ့ တိုင်ကြားစာတွေ၊ သက်သေအထောက်အထား မပါရှိတဲ့ တိုင်ကြားစာတွေ၊ တိုင်ကြားပြီး ပြန်လည်ရုပ်သိမ်းတာတွေ စတဲ့ အကြောင်းမညီညွတ်မှုတွေနဲ့ တိုင်ကြားရာမှာ သတိပြုရမည့် အချက်တွေကို သတိမမူမိတဲ့အတွက် အရေးယူဆောင်ရွက်လို့မရဘဲ တိုင်ကြားစာများ ဖောင်းပွနေတာ တွေ့ရှိရပါတယ်။

    ဒါ့ကြောင့် အဂတိလိုက်စားမှုတွေကို ထိရောက်စွာ စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသို့ တိုင်ကြားစာ ပေးပို့ရာမှာ အောက်ပါအချက်တွေကို ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ် -

အဂတိလိုက်စားမှုနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ

ဉပဒေအရ တရားရုံးတွင် တရားစွဲဆိုဖြေရှင်းရမည့် ကိစ္စများ

ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် အကြိမ်ကြိမ်တိုင်ကြားနေမှုများ 

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ဆောင်ရွက်ပေးရမည့် ကိစ္စများ

အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် အချက်အလက်များ မပါရှိသော တိုင်ကြားစာများ 

မည်သည့်အထောက်အထား၊ သက်သေမှ မပါရှိဘဲ ယေဘုယျဆန်ဆန် ရေးသားသော တိုင်ကြားစာများ 

တိုင်ကြားသူ၏လက်မှတ် (သို့) တိုင်ကြားသူ၏အမည် မပါရှိဘဲ ပစ်စာသဘော တိုင်ကြားထားသော တိုင်ကြားစာများ


    ဒါကြောင့် အဂတိလိုက်စားမှုနဲ့စပ်လျဉ်းပြီး တိုင်ကြားသမျှ ထိရောက်စွာ စုံစမ်းစစ်ဆေးနိုင်ဖို့ အောက်ပါအချက်တွေကို သတိပြု ပေးပို့နိုင်ရန် ဖော်ပြလိုက်ရပါတယ်-

တိုင်ကြားရာတွင် သတိပြုရမည့်အချက်များ

တိုင်ကြားစာပေးပို့ရာတွင် ကော်မရှင်ထံ မိတ္တူပေးပို့ခြင်း မပြုဘဲ တိုက်ရိုက်လိပ်မူပေးပို့ ရမည်။

တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ် ပါဝင်ရမည်၊

အရေးကြီးသော သက်သေခံချက်ဖြစ်သည့် မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် စသည်တို့ရှိကြောင်း ဖော်ပြနိုင်ရမည်၊

ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာစေရန် (သို့မဟုတ်) ဂုဏ်သရေပျက်စေရန် တမင်ပြုလုပ် တိုင်ကြားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ         အရေးယူခံ ရနိုင်သည်ကိုလည်း သတိပြုရပါမည်။

ကိုးကား - မြန်မာ့အလင်းသတင်းစာ ၇-၁၂-၂၀၂၁ ရက်စွဲပါ “အဂတိတိုင်ကြားစာနှင့် သတိပြုစရာ ဆောင်းပါး” မှ ကောက်နုတ်ချက်

ဆက်စပ် သတင်းများ