လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင် နှင့် ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Wed, 8 December 2021

နေပြည်တော် ဒီဇင်ဘာလ  ၈   ရက်

          လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် တာဝန်ရှိသူများ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင် တို့သည် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ဆောင်ရွက်သည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်း (Underground Works) အား နိုင်ငံတကာကုမ္ပဏီ တစ်ခုနှင့် ၁၂-၃-၂၀၁၅ ရက်နေ့တွင် စာချုပ် ချုပ်ဆို ဆောင်ရွက် ခဲ့ရာတွင် မူလစာချုပ်ပါ လုပ်ငန်းပြီးစီးရမည့် ကာလမှာ ၂၄-၉-၂၀၁၈ ရက်နေ့ထိ ၄၀ လ သတ်မှတ်ခဲ့ခြင်းကို ဝန်ကြီးဌာန၏ လုပ်ငန်းမှုဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(MC)နှင့် အမှုဆောင် ကော်မတီ (EC) အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ၂၄-၁-၂၀၂၀ ရက်နေ့ထိ ၁၆ လ သက်တမ်းတိုး ပေးခဲ့ခြင်းသည် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားသည့် သဘောတူညီချက်များ ချုပ်ဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းတိုးကိစ္စရပ် များတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တို့၏သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီသို့ တင်ပြရမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်းတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ထုတ်လုပ်မှု ကီလိုဝပ်နာရီ(ယူနစ်)သန်းပေါင်း ၁၈၀၀ ကျော်ခန့် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၃၀ ဘီလီယံခန့် ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယ ဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင် တို့သည် ထားဝယ်ဒေသတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆောင်ရွက်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာနဘတ်ဂျက်မှ ကြိုတင် စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ခြင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် ခဲ့စဉ်က ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို နိုင်ငံတော်ဘဏ္ဍာတွင် ဘတ်ဂျက်ငွေ တင်ပြတောင်းခံပေးချေခဲ့ခြင်း၊ ဓာတ်ငွေ့ဖိုးငွေများကို ပြန်လည်ရရှိရေး ခိုင်မာသည့် သဘောတူညီမှု တစ်ရပ်ရပ် စာချုပ် ချုပ်ဆိုမှုမရှိခြင်း၊ ဓာတ်ငွေ့ဖိုး ကြွေးကျန်ဖြစ်ပေါ်နေမှုကို ဝန်ကြီးဌာန အမှုဆောင် ကော်မတီအစည်းအဝေး (EC)သို့ တင်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအပိုဒ် ၁၂၃ ၊ အပိုဒ်ခွဲ(ဃ) ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံကျော်ခန့် ထိခိုက် နစ်နာစေခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်၏ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံး စေရာတွင် အားပေးကူညီခြင်းဖြစ်ကြောင်း၊

          စစ်ဆေးပေါ်ပေါက်ချက်များအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင် နှင့် ဒုတိယဝန်ကြီးဟောင်း ဦးထွန်းနိုင် တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် ၈-၁၂-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ