သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

  • Tue, 7 December 2021

နေပြည်တော် ဒီဇင်ဘာလ( ၇ )ရက်

          ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်း အဆောက်အဦများနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ်ရာ၌ အသုံးပြုရန်အတွက် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်ခွဲသားများအား လျှောက်ထား ဝယ်ယူခဲ့သည့် ကိစ္စတွင် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများအပေါ် အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

          စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်းတွင် အသုံးပြုရန်အတွက် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား၊ ပျဉ်းကတိုး၊ ပိတောက်သစ် စုစုပေါင်း ၁၇၂.၀၇၆၄ တန်ကို ရောင်းချပေးရန် နှစ်ကြိမ်လျှောက်ထားမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ၎င်း၏ ဆုံးဖြတ်ချက်ဖြင့်သာ ရောင်းချပေးရန် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးထံ ညွှန်ကြားခဲ့ခြင်း၊ စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးတွေ့ရှိချက်အရ မြန်မာ့သစ်လုပ်ငန်းက ရောင်းချထားသည့် ဈေးနှုန်းနှင့် တင်ဒါအောင် ဈေးနှုန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းဦးစီးဌာနတို့၏ ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ်တွက်ချက်မှုများအရ နိုင်ငံတော်အနေဖြင့် စုစုပေါင်း ငွေကျပ်သန်း ၁၀၀ ကျော်ခန့် နစ်နာမှုရှိခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှုကျူးလွန်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ၇-၁၂-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ