နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 30 November 2021

နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။ 

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်မှုမရှိဘဲ ရဟတ်ယာဉ်ငှားရမ်းခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊ ငှားရမ်းသည့်ကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ စာချုပ်ပါ ပျံသန်းအသုံးပြုနိုင်သည့် နာရီ ၇၂၀ တွင် ၈၄.၉၅ နာရီသာ ပျံသန်းအသုံးပြုခဲ့၍ လျော့နည်းပျံသန်းချိန် ၆၃၅.၀၅ နာရီအတွက် ယခင်ပျံသန်းအသုံးပြုမှု အခြေအနေများအရ လေလွင့်မှု ရှိ/မရှိ မစိစစ်ဘဲ ငှားရမ်းခြင်း သက်တမ်းတိုးစာချုပ်များအား ခွင့်ပြု၍ အမေရိကန်ဒေါ်လာ ၃.၅ သန်းကျော် ပိုမိုပေးချေခဲ့ရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာ ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

       နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ်ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း၊ ရဟတ်ယာဉ်ဝယ်ယူသည့် စာချုပ်၏ General term တွင် Warranty နှင့် Excusable Delays ဖော်ပြပါရှိသော်လည်း ပြင်ဆင်ရန် လိုအပ်မှုများနှင့် နောက်ကျရောက်ရှိမှုများအတွက် ဒဏ်ကြေးများ ထည့်သွင်းချုပ်ဆိုထားမှုမရှိခြင်း၊ ပြည်သူ့ဘဏ္ဍာဖြစ်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများအား ရည်ရွယ်ချက်အတိုင်း ထိရောက်အကျိုးရှိစွာ သုံးစွဲခဲ့ခြင်းမရှိဘဲ ရဟတ်ယာဉ်ဝယ်ယူရေးအတွက် မြန်မာငွေကျပ် သိန်းပေါင်း နှစ်သိန်းသုံးသောင်းကျော် ပေးချေခဲ့ရခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊

      ထို့ပြင် ဝယ်ယူပြီးသော ရဟတ်ယာဉ်၏ Operation and Maintenance ကိစ္စဆောင်ရွက်ရာတွင် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံရေးစာချုပ်ပါ အချက်များအား စိစစ်ညွှန်ကြားရန်ပျက်ကွက်ခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ဘေးသင့်သူများအတွက်သာ သုံးစွဲရမည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊ ရဟတ် ယာဉ် နောက်ကျရောက်ရှိမည့်အခြေအနေကို ကြိုတင်သိရှိခဲ့ပြီးဖြစ်သော်လည်း ထိန်းသိမ်းမည့် ကုမ္ပဏီနှင့် လိုအပ်သလိုညှိနှိုင်း၍ စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့မှုမရှိခြင်း၊ စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ရဟတ်ယာဉ် မရောက်သေးဘဲ ကြိုတင်ပေးချေထားခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

        ထိုသို့ နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ခြင်းအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၇-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်များအရ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ခြင်းအတွက် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင်  ၃၀-၁၁-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ