ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 30 November 2021

နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်

        ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာရုံးစိုက်ထားသည့် အဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ WHO နှင့် UNICEF တို့မှတစ်ဆင့် ထောက်ပံ့ငွေများပေးအပ်ပါကြောင်း၊ ယင်းအဖွဲ့ အစည်းမှ GAVI HSS 2 Grant(Global Alliance for Vaccines and Immunization-Health System Strengthening 2) ကူညီငွေများကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တင်ပြသည့် စီမံချက်များအလိုက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငွေစာရင်းသို့ ထောက်ပံ့ပေးအပ်ပါကြောင်း၊

    တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် စီမံချက်မန်နေဂျာအဖြစ် ဒေါက်တာထားထားလင်းအား ခန့်ထားပြီး စီမံချက်မန်နေဂျာက Quarter အလိုက်သုံးစွဲရန် Work Plan လုပ်ငန်းစီမံချက်ကို ဝန်ကြီးဌာနမှ ဖွဲ့စည်းပေးသော ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုးဦး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အလုပ်အမှုဆောင်ကော်မတီ (Executive Working Group)သို့ တင်ပြပြီး အတည်ပြုချက်ရရှိပါက ရန်ပုံငွေထုတ်ရန်အတွက် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ပြင်ပထောက်ပံ့ကော်မတီ(External Aid Committee-EAC)မှ ထပ်မံစိစစ်အတည်ပြုပြီး ခွင့်ပြုချက် ထုတ်ပေးပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းသည် ဗဟိုအဆင့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ရရှိသည့် ပံ့ပိုးရန်ပုံငွေ  ကျပ်သန်း ၁၆၉၀၀ ကျော်အနက် ကျပ်သန်း ၆၉၉၀ ကျော်နှင့် ၂၀၁၈-၂၀၁၉  Non Budget လက်ကျန်မှ ငွေကျပ်သန်း ၁၁၃၀ ကျော်၊ စုစုပေါင်း ကျပ်သန်း ၈၁၂၀ သန်းကျော် ထုတ်ယူခဲ့ပြီး၊ တိုင်းဒေသကြီး/ပြည်နယ်များအတွက် ငွေကျပ်သန်း ၁၀၅၀၀ ကျော်ကို ခွဲဝေချထားပေးခဲ့ကြောင်း၊

   ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစ၍ COVID-19 ရောဂါပျံ့နှံ့မှုကြောင့် စီမံချက်အတိုင်း ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိသဖြင့် ဗဟိုအဆင့်တွင် ငွေသားလက်ကျန် ငွေကျပ် ၁၆၁.၁၉၈ သန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ငွေသားလက်ကျန် ငွေကျပ် ၈၄၀ သန်းကျော်  ကျန်ရှိသဖြင့် ငွေစာရင်းခေါင်းစဉ် ပြောင်းလဲအသုံးပြုရန် တင်ပြခြင်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၆-၁-၂၀၂၁ ရက်စွဲပါစာဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံခဲ့စဉ်ကာလအတွင်း ငွေသားလက်ကျန်များကို သုံးစွဲခြင်း မပြုရန်နှင့် ဌစ-၆ ဖြင့် ထိန်းသိမ်းထားရန် ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဒေါက်တာထားထားလင်းသည် ဗဟိုအဆင့် ငွေသားလက်ကျန် ငွေကျပ် ၁၆၈.၁၉၈ သန်းအား UNICEF Account သို့ ၁၀-၂-၂၀၂၁ ရက်နေ့တွင် ငွေပေးသွင်းခဲ့ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး ပိုင်ဆိုင်မှုကို  နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

    Global Alliance for Vaccines and Immunization-Health System Strengthening 2 ဖြင့် ဆောင်ရွက်သည့် စီမံချက်ပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေထုတ်ယူခွင့်ပြုသူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးသည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှု နစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းတို့သည် နိုင်ငံတော် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက်  အားပေးကူညီခြင်းဖြစ်ကြောင်း၊

    စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာထားထားလင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေ  ပုဒ်မ ၅၆ အရ  လည်းကောင်း၊ ဒေါက်တာစိုးဦး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်း တွင် ၃၀-၁၁-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ