လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
- Fri, 27 August 2021
နေပြည်တော် သြဂုတ်လ ၂၇ ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ နှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြား ခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း၊
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာဝင်းမြတ်အေးသည်
နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏
သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရ သည့် ဒေသများသို့ ကူညီ၊ ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံတော်၏ အရေးကြီးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်းကောင်း အသုံးပြုရန် ရဟတ်ယာဉ်တစ်စီးကို
၃၁-၁-၂၀၁၉ ရက်နေ့တွင် စာချုပ် ချုပ်ဆို ငှားရမ်းခဲ့ကြောင်း၊ ထိုသို့ စာချုပ်
ချုပ်ဆို ငှားရမ်း ခဲ့ရာတွင် တည်ဆဲ ဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်း၊
စည်းကမ်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ
ဘဏ္ဍာရေး စည်းမျဉ်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း
အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ တို့ကို ဖောက်ဖျက်ခြင်း၊
စာချုပ်ပါစည်းကမ်း ချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ အကြံပြုချက်များအား
ထည့်သွင်းစဉ်းစားခြင်း မပြုခြင်းတို့ကြောင့်
ရဟတ်ယာဉ်တစ်စီးအား ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငှားရမ်းသည့်ကိစ္စတွင် စာရင်းစစ်ဆေးတွေ့ရှိချက်များအရ ပျံသန်းချိန်နာရီ
စုစုပေါင်း ၇၂၀ နာရီ အတွက် ငှားရမ်းခ မြန်မာငွေကျပ်သန်း ၅,၁၀၀ ကျော် နှင့် အမေရိကန်ဒေါ်လာ ၅၈၅,၀၀၀ ပေးချေခဲ့သော်လည်း အမှန်အသုံးပြုခဲ့ချိန် ၈၄.၉၅ နာရီသာ ဖြစ်သဖြင့် လျော့နည်း ပျံသန်းချိန် ၆၃၅.၀၅ နာရီအတွက် အမေရိကန် ဒေါ်လာ ၃,၅၉၅,၄၂၃ (USD ၃.၅ သန်းကျော်) ပိုမို ပေးချေခဲ့ခြင်းသည် နိုင်ငံတော်၏
ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း၊
ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး သည် အရေးကြီးကိစ္စများဆောင်ရွက်ရာတွင် ရဟတ်ယာဉ်တစ်စီးကို ၃၀-၁၀-၂၀၁၉ ရက်နေ့တွင် ကုမ္ပဏီ တစ်ခုဖြင့် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ရာ၌ သဘာဝဘေးစီမံခန့်ခွဲမှု
လုပ်ငန်းများနှင့် ဘေးသင့်သူများအတွက်သာ သုံးစွဲခွင့်ရှိသော အမျိုးသားသဘာဝဘေးအန္တရာယ်
စီမံခန့်ခွဲမှု ရန်ပုံငွေမှ သုံးစွဲထားခြင်း၊ ရဟတ်ယာဉ် ဝယ်ယူမှုအတွက် စီးပွားရေးရာ
ကော်မတီနှင့် ယခင်ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့မှုမရှိခြင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနသို့
သဘောထားတောင်းခံမှုမရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ
လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ရဟတ်ယာဉ်နောက်ကျရောက်ရှိ ခဲ့သည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီး
ဖြစ်သော်လည်း ကုမ္ပဏီနှင့် လိုအပ်သလို ပြန်လည်ညှိနှိုင်းခြင်း၊ စာချုပ်ပြင်ဆင်ချုပ်ဆိုခြင်းတို့ကို
ဆောင်ရွက်ခဲ့မှုမရှိဘဲ ပေါ့လျော့စွာဆောင်ရွက်ခဲ့သဖြင့် ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့် အခြားဆက်စပ်
ကုန်ကျ စရိတ်များအတွက် နိုင်ငံတော်၏ငွေကြေး၊ ပိုင်ဆိုင်မှု မြန်မာငွေကျပ် ၂၃,၀၄၈ သန်း ကျော်ကို
ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊
ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးသည် ဝယ်ယူပြီးသော နိုင်ငံတော်ပိုင် ရဟတ်ယာဉ်အား
ထိန်းသိမ်းပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခု အား လုပ်ငန်းအပ်နှံရေး
သဘောတူစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာတွင်
နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်
၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ Operation and Maintenance စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ၂၀-၃-၂၀၂၀
ရက်နေ့မှ ၃၁-၅-၂၀၂၀ ရက်နေ့အထိ ဝန်ဆောင်စရိတ် အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း စာချုပ်တွင် မပါဘဲ ရဟတ်ယာဉ်မရောက်သေးသည့် ၁-၆-၂၀၂၀
ရက်နေ့မှ ၃၀-၁၀-၂၀၂၀
ရက်နေ့အထိ (၅)လအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ
၄၉၂,၆၆၇ ကို ပေးချေခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့ သည့် အခြေအနေကို
ကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း စာချုပ်ချုပ်ဆိုသည့်
ကုမ္ပဏီနှင့် လိုအပ်သလို ပြန်လည်ညှိနှိုင်းမှုမရှိခြင်း၊
စာချုပ်ပြင်ဆင်ချုပ်ဆိုမှု မရှိခြင်း တို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာဆုံးရှုံးစေခြင်းဖြစ် ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း
ဒေါက်တာ ဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ
ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၇-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။