ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း) (၆) ဦးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
- Mon, 23 August 2021
နေပြည်တော် သြဂုတ်လ ၂၃ ရက်
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ဝန်ကြီး (ဟောင်း)များဖြစ်ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့် တို့နှင့် ဆက်စပ် တာဝန်ရှိ ပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် (ဟောင်း)ဒေါက်တာခက်အောင်၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး(ဟောင်း) ဦးဝင်းညွန့်တို့သည် နိုင်ငံရေးရာထူးလက်ရှိ ဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင် လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ငွေကျပ်သန်း ၁၁၀၀၇.၀၀၉ ဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက် အရ လမ်းအရည်အသွေးမပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့် အညီ ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းများကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)ဒေါက်တာခက်အောင်၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး(ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် ၁၀၀၀၀ အား လေလံစနစ်ဖြင့် ရောင်းချ ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံး လုပ်နည်းနှင့်အညီ လိုက်နာမှုမရှိခြင်း၊ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၏ ဒေသ ပေါက်ဈေး သတ်မှတ်မှု တစ်တန်လျှင် ၆၀၀၀၀ ကျပ် ဖြစ်သော်လည်း၊ တစ်တန်လျှင် ၃၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းလျှော့၍ ကုမ္ပဏီနှစ်ခုအား တန် ၅၀၀၀ စီ ခွဲဝေရောင်းချ ခဲ့သဖြင့် တန် ၁၀၀၀၀ အတွက် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၇၀/၂၀၂၀)အရ သလင်းကျောက် ရောင်းချရရှိငွေ၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ ကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင် နှင့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်း တို့သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ၂၀၁၈-၂၀၁၉ တွင် သုံးစွဲခွင့်မရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေေ ပိုလျှံရန်ပုံငွေ (General Reserve Fund- GRF) မှ ငွေကျပ် ၁၄၉၂.၄၀၀ သန်းကို ထပ်မံသုံးစွဲ ရာတွင် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီကြောင်း တင်ပြခဲ့သော်လည်း ပြည်နယ် အစိုးရအဖွဲ့က ဆက်လက် သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)ဒေါက်တာခက်အောင် နှင့် ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်း တို့ သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေမြင့် ရပ်ကွက်အတွင်း ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန် နှစ်စင်းတည်ဆောက် ခြင်း၊ တပ်ကုန်းရပ်ကွက်အတွင်း ကတ္တရာခင်းခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက် ခြင်း၊ ဒူကထောင်ရပ်ကွက် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန် သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းသုံးခုအတွက် စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၄၈ သန်းကျော် အား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိခြင်း၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြု ပေးခဲ့ခြင်းတို့သည် နိုင်ငံတော်၏ ဘဏ္ဍာငွေ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ခြင်းဖြစ် ကြောင်း၊
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (ဟောင်း) ဦးဇော်ဝင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ခံ ဝန်ထမ်းများထံမှ သစ်သီး ဂျပ်ဖာများ၊ ငွေနှင့် ပစ္စည်းတန်ဘိုး ငွေကျပ် ၂၁ သိန်းခန့်ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း၊
ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်း သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံတင် ရောင်းချရရှိငွေကျပ် ၅၂၅ သန်း ကျော်အနက် ဖမ်းဆီးရာတွင်ပါဝင်သော အဖွဲ့များအား ဆုကြေးငွေကျပ် ၁၅၇ သန်းကျော်ကို ခွဲဝေပေးရာတွင် ၎င်းအတွက် ငွေကျပ် ၅၇ သန်း ကျော်အား ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့် ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကောင်းမြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန်အတွက်အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ တောင်းခံ ရယူခဲ့ကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး(ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်နယ် NLD ပါတီရုံးနှင့် ဖားကန့်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ ကျောက်မျက်လုပ်ငန်းရှင်များ ထံမှ စုစုပေါင်း ငွေကျပ် သိန်း ၉၆၀ ကို တောင်းခံရယူခဲ့ကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး(ဟောင်း) ဦးဝင်းညွန့် သည် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ပြည့်နှစ်အတွင်း ဝိုင်းမော်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များ ထံမှ ငွေကျပ်သိန်း ၂၀၀ ကို လည်းကောင်း၊ နေပြည်တော် ပါတီသုတေသနရုံး လိုအပ်သော ပစ္စည်းများဝယ်ယူရန် အကြောင်းပြကာ ငွေကျပ် သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်း ဖြစ်ကြောင်း၊
ကချင်ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး(ဟောင်း) ဦးနေဝင်း၊ ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး(ဟောင်း) ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်နှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခြင်းဖြစ်ကြောင်း တို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း)များ ဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် အပေါ် ယင်းဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မရဲစခန်းတွင် ၂၃-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။