မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် နှင့် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Fri, 16 July 2021

နေပြည်တော်၊ ဇူလိုင်လ ၆  ရက်

    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလိုစုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းဧရိယာနှင့် ဆက်စပ်သည့် လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးတို့အတွက် ဆောင်ရွက်ရသည့် ဆက်စပ်ကုမ္ပဏီတစ်ခုထံမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းဘတ်ငွေတစ်သိန်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ထိုင်းဘတ်ငွေနှစ်သိန်း၊ စုစုပေါင်း ထိုင်းဘတ်ငွေသုံးသိန်း ပေးအပ်ခြင်းကို တံစိုး လက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊

     ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုက ဆေးကုသစရိတ်အကြောင်းပြ၍ ၂၀၁၉ ခုနှစ်တွင် ငွေကျပ်သိန်း ၃၅၀၊ ၂၀၂၀ ပြည့်နှစ်တွင် ငွေကျပ်သိန်း ၃၀၀၊ စုစုပေါင်းငွေကျပ်သိန်း ၆၅၀ ပေးအပ်ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံး စားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊

      ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ရွမ်ဂရက်(စ်)ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းရှင်တစ်ဦးက လာရောက်တွေ့ဆုံပြီး ဆေးကုသစရိတ်အကြောင်းပြ၍ အမေရိကန်ဒေါ်လာတစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်းအား တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း၊

     ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေနေရာ ၀.၀၁၇၁ ဧကကို မြင်းခြံခရိုင်/မြို့နယ် NLD ပါတီရုံးအတွက် ချထားပေးခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာနက တွက်ချက်မှုအရ အနည်းဆုံး ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၄၁ သိန်း တန်ဖိုးရှိသောမြေကွက်အား တည်ဆဲဥပဒေ၊ စည်းမျဉ်းများကို ဖောက်ဖျက်၍ တန်ဖိုးငွေကျပ် ၅ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၉၃၀ ကျော် ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြင်ဦးလွင်မြို့နယ်ပါတီရုံးအတွက် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲရမည့်မြေ ၀.၁၇၂ ဧကကို ခွင့်ပြုချထား ပေးခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာနမှ အနည်းဆုံးကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂,၅၈၀ တန်ဖိုးရှိသော မြေကွက်အတွက် တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ ငွေကျပ်  ၆၁ သိန်းကျော်ကိုသာ မြေဖိုးပေးသွင်းစေခဲ့ရာ နိုင်ငံတော်မှ ငွေကျပ်သိန်း ၂၅၀၀ ကျော် နစ်နာဆုံးရှုံး စေခဲ့ကြောင်း၊

       ခေတ္တဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးဇာနည်အောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်မြေသာစံမြို့နယ်ရုံးအတွက် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲရမည့် မြေနေရာ ၀.၂၁၆၄ ဧက ချထားပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အနည်းဆုံးကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၃၁ သိန်း တန်ဖိုးရှိသော မြေကွက်ကို တည်ဆဲဥပဒေစည်းမျဉ်းများကို ဖောက်ဖျက်၍ မြေဖိုးငွေကျပ်သိန်း ၁၁၀ ကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၈၁၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်းနှင့် ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးမြေနေရာအတွက် ၀.၀၈၂၆ ဧကကို ချထားပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနက အနည်းဆုံးကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၉၅ သိန်း တန်ဖိုးရှိသော မြေကွက်ကို တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ ငွေကျပ် ၅၃ သိန်းကျော်ကိုသာ မြေဖိုးပေးသွင်းစေခဲ့ရာ နိုင်ငံတော်မှ ငွေကျပ်သိန်း  ၅၄၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးဟောင်း ဦးဇာနည်အောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)နယ်မြေရဲစခန်းတွင်    ၆-၇-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ် ၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ သိမ်းဆည်းခဲ့သည့် သတ္တုဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်အပ်နှံထားသည့်ငွေကျပ် သိန်း ၈၅၀၀ ကျော်ပါ ဘဏ်စာအုပ်နှင့် ငွေသား ကျပ်သိန်း ၄၅၀ တို့ကိုလည်းကောင်း၊ အမေရိကန်ဒေါ်လာ နှစ်သောင်းနှင့် ထိုင်းဘတ်ငွေငါးသိန်း တို့ကိုလည်းကောင်း ပဏာမစိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ