ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Fri, 16 July 2021

နေပြည်တော်၊ ဇူလိုင်လ ၁၆ ရက်

        ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဦးစိုးမင်းထွန်း ဦးအောင်ကျော်နိုင်နှင့် ဇနီးဒေါ်တင်တင်ထွေး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

      ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာလင်းထွဋ်နှင့်တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

     စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့် အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တို့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်း တင်ဒါအောင်မြင်သော လုပ်ငန်းရှင်တစ်ဦးထံမှ ရရန်ရှိသည့် တင်ဒါကျန်ငွေကျပ် သိန်း ၃၀၀၀ ကျော်နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၁၈) ဆုံးဖြတ်ချက်ဖြင့် ဝန်ကြီးချုပ်က လျော့ပေးပိုင်ခွင့်မရှိသည့် တန်ဖိုး ၅၀ % လျှော့ချပေးခဲ့ခြင်း၊ ထိုသို့လျှော့ချပေးခဲ့သော်လည်း ပေးသွင်းရန် ကျန်ရှိသည့်ငွေကျပ်သိန်း ၁၇၀၀ ကျော်ကို စစ်ဆေးခဲ့သည့်အချိန်အထိ ပြန်လည်ရရှိအောင် စီမံဆောင်ရွက်နိုင်မှုမရှိခြင်း၊ စာချုပ်ပါစည်းကမ်းအတိုင်းဥပဒေနှင့်အညီ အရေးယူရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊

       ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံသည်  ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းကို ပြည်နယ်အစိုးရသို့ ပေးသွင်းရန် ငွေပမာဏသတ်မှတ်ပေးခြင်းမရှိဘဲ ၎င်းတစ်ဦးတည်းသဘောဖြင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် ဘဏ္ဍာငွေ သိန်း ၁၀၀၀၀ ကျော်ခန့် ထိခိုက်နစ်နာဆုံးရှုံ စေခဲ့ကြောင်း၊

       ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အင်းလေးဒေသဇုန် ဝင်ခွင့်ကောက်ခံရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုရန် ပြည်နယ်အစိုးရက တားမြစ်သည့် ကုမ္ပဏီတစ်ခုအား အာမခံအဖြစ် တင်ပြရမည့် ငွေကျပ်သိန်း ၁၄၀၀၀ နှင့်ညီမျှသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများကို တင်ပြခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် တင်ဒါကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်ကို ပြန်လည်မရရှိခဲ့ဘဲ နိုင်ငံတော်၏ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း၊

        ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင် တို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသော ကုမ္ပဏီအား အာမခံအဖြစ် တင်သွင်းရမည့် ငွေကျပ် ၁၂၁၄၅ သိန်းနှင့် ညီမျှသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများကို တင်ပြခြင်းမရှိဘဲ ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် တင်ဒါကြွေးကျန် ငွေကျပ် သိန်း ၁၄၀၀၀ ကျော်ကို ပြန်လည်မရရှိခဲ့ဘဲ နိုင်ငံတော်၏ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

        ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေး တို့သည် အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းအတွက် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများကို အာမခံအဖြစ် တင်ပြခြင်းမရှိဘဲ ပိုင်ဆိုင်မှု စာရင်းကိုသာတင်ပြ၍ လုပ်ကိုင်ခွင့်ရယူခဲ့ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကြွေးကျန်ငွေကျပ်သိန်း ၁၄၀၀၀ ကျော်ကို ယနေ့အထိပေးသွင်းမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်ကရရှိမည့် ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

      ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေစာရင်းမှ ငွေကျပ်သိန်း ၄၀၀၀ ကျော်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေစာရင်းသို့ ပြန်လည်ပေးသွင်းရန်ကျန်ငွေကျပ်သိန်း ၈၉၀ ကျော်ကိုရရှိအောင် စီမံဆောင်ရွက်မှုမရှိခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော် ၏ ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊

     ရှမ်းပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ စည်ပင်သာယာရေး ဌာနပိုင်ကုန်တင်ယာဉ်ကြီးများ ရပ်နားဂိတ်နေရာတွင် အဆင့်မြင့်ဆေးရုံ တည်ဆောက်လုပ်ကိုင်မှုနှင့် ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းအား ကုမ္ပဏီပိုင်မြေပေါ်တွင် တည်ဆောက်၍ အကျိုးတူလုပ်ငန်း လုပ်ကိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီ(၂)ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၁၀၀ ကို လက်ခံရယူခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ရှမ်းပြည်နယ် တောင်ကြီးမြို့မရဲစခန်းတွင် ၁၆-၇-၂၀၂၁ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ