လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 11 January 2021

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့်လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီးကိုယ်ကျိုးအတွက်စီးပွားရှာ၍ မမှန်မကန်ဆောင်ရွက်နေမှုများကြောင့် အဂတိလိုက်စားမှုပပျောက်ရေးအတွက် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန်ထိန်းသိမ်းမှုစစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူးရာထူးနှင့် လေကြောင်းပျံသန်းမှုလမ်းညွှန်ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent (operator)များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေဖြင့် permit နံပါတ်တစ်ခုလျှင် USD 100, USD 60, USD 40 စသဖြင့် ပေးရန် ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် USD 72066 ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်း၊ ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့မရဲစခန်းတွင် ၁၁-၁-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆက်စပ် သတင်းများ