ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း
- Mon, 28 December 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်
ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၈-၁၂-၂၀၂၀ ရက်၊ နေ့လယ် (၁၄:၀၀) နာရီတွင် ရုံးအမှတ်(၄၁)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ယခုလွှဲပြောင်းပေးအပ်သည့် ရည်ညွှန်းစာစောင်များသည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်တို့ဖြစ်ပြီး အဆိုပါ ရည်ညွှန်းစာစောင်များသည် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကို သုံးသပ်၍ စနစ်တကျ ရေးသားပြုစုထားသော စာစောင်များဖြစ်ကြောင်းနှင့် ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဘာသာပြန်ဆိုထားခြင်းဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်မှစ၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံမှုရှိသော အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်ပြီး အထူးသဖြင့် ဒေသန္တရအုပ်ချုပ်ရေးအတွက် လွန်စွာအရေးကြီးသည့် ဌာနကြီးတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ အဆိုပါနေရာဒေသများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော အုပ်ချုပ်ရေးမှူးများသည် မိမိ တို့၏ တာဝန်ကျရာဒေသအတွင်းရှိ ဌာနအဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရသည့် အခွင့်အလမ်းများရှိသောကြောင့် ဤရည်ညွှန်းစာစောင်များကို လေ့လာဖတ်ရှုကာ ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ ပိုမိုတိုးတက်ပြန့်ပွားလာစေရေးအတွက် ဆင့်ပွားအသိပညာပေး ဆောင်ရွက်မှုများကို လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်ရန်အတွက် စာစောင်များကို လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဦးတင်မြင့်ထံသို့ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
ရည်ညွှန်းစာစောင်(၄၂၀)စုံအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဦးတင်မြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ
ဖြောင့်မတ်တည်ကြည်မှု
မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရည်ရွယ်ကာ ကျောင်းသားလူငယ်များ၊
ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို စိတ်ပါဝင်စားသူများ၊ ပူးပေါင်းပါဝင်လိုသူများ
လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ပြုစုဖြန့်ဝေသည့် ရည်ညွှန်းစာစောင်များအား
မိမိတို့ဝန်ကြီးဌာနရှိ ခရိုင်/မြို့နယ်၊ ရပ်/ကေျး အုပ်ချုပ်ရေးမှူးများ လေ့လာဖတ်ရှုနိုင်ရန်
လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
အဂတိလိုက်စားမှု
တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်းနှင့်
ယခုကဲ့သို့ မိမိတို့ဝန်ကြီးဌာနအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်
တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး
အခမ်းအနားကို ညနေ (၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။