Online Training on Financial Investigation သင်တန်းကျင်းပခြင်း

  • Mon, 21 December 2020

Online Training on Financial Investigation သင်တန်းကျင်းပခြင်း



    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)တို့ ပူးပေါင်းအစီအစဉ်ဖြင့်  “Online Training on Financial Investigation” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကော်မရှင်ရုံး သင်တန်းခန်းမတွင် Zoom Application စနစ်ဖြင့် ၁၇-၁၂-၂၀၂၀ရက်နေ့ မွန်းလွဲ(၁၃:၀၀) နာရီ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ကော်မရှင်ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုး၊ ဦးဟန်ညွန့်၊ ဦးအောင်သန်းမြင့်နှင့် ဦးမျိုးမြင့်၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ UNODC မှ Anti-Corruption Programme Manager Ms. Marie-Laure Pegie Cauchois နှင့် သင်တန်းနည်းပြ နိုင်ငံတကာ ကျွမ်းကျင်သူ Dr. Ramandeep Chhina တို့ တက်ရောက်ပါသည်။

    သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဖွင့်လှစ်သင်ကြားမည့် သင်တန်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးလျက်ရှိသော အမှုများနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းခြင်းကိုပါ ပူးတွဲဆောင်ရွက်ခြင်းဖြင့် ပိုမိုခိုင်မာအားကောင်းစေသော သက်သေခံအထောက်အထားများ ရှာဖွေစုဆောင်းနိုင်ရန်၊ ကော်မရှင်မှ စစ်ဆေးရေးမှူးများအနေဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်းလုပ်ငန်းကို ပိုမိုထိရောက် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၃၂ နှင့်အညီ ကော်မရှင်သည် အဂတိလိုက်စားမှုနှင့် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုတို့နှင့် စပ်လျဉ်း၍  စုံစမ်းစစ်ဆေးရာတွင် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများရှိ ငွေကြေးနှင့်ပစ္စည်းများ၏ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်၊ တားမြစ်မိန့်ထုတ်ဆင့်ရန် လိုအပ်လိုပါက သက်သေခံပစ္စည်းအဖြစ် ရှာဖွေသိမ်းဆည်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊

    ကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့သော ကိစ္စရပ်များ၏ (၈၀)ရာခိုင်နှုန်းခန့်တွင် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကိုလည်း ပူးတွဲလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးမှူးများအနေဖြင့် ကော်မရှင်မှ စစ်ဆေးသည့်အမှုများနှင့် စပ်လျဉ်း၍ ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာစာရင်းများကို စုံစမ်းစစ်ဆေးရာတွင် ခေတ်မီနည်းပညာများကို လေ့လာသင်ယူခြင်းဖြင့် ပိုမိုထိထိရောက်ရောက် စစ်ဆေးနိုင်မှာဖြစ်သည့်အတွက် စွမ်းဆောင်ရည်မြင့်မားလာမှာလည်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် စစ်ဆေးရေးမှူးများကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးဘာသာရပ်နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပသင်တန်းများသို့ အခါအားလျော်စွာ စေလွှတ်တက်ရောက်စေခဲ့ရာပြီးခဲ့သောနှစ်များအတွင်း ပြည်ပသင်တန်း(၃)ခု၊ ပြည်တွင်းသင်တန်း (၅)ကြိမ် စီစဉ်ပေးနိုင်ခဲ့ပါကြောင်း၊

    ယခုဖွင့်လှစ်သည့် သင်တန်းသည် Online နည်းစနစ်ဖြင့်  နိုင်ငံခြားကျွမ်းကျင်သူပညာရှင်က အဝေးမှ သင်ကြားပို့ချမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးမှုအတွက် အစီအစဉ်ရေးဆွဲခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာရေးသားခြင်း၊ အများပြည်သူဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်နှင့် အရင်းအမြစ်များကို စစ်ဆေးခြင်း၊ ငွေကြေးဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုနည်းလမ်းများ၊ အသားတင်ကြွယ်ဝချမ်းသာမှုကို ဆန်းစစ်ခြင်းနှင့် နိုင်ငံအချင်းချင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကူအညီတောင်းခံခြင်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါကြောင်း၊

    ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်မှ စစ်ဆေးရေးမှူးများအား ကျွမ်းကျင်မှုရှိစေရန် စာတွေ့သီအိုရီပိုင်းသာမက လက်တွေ့လေ့ကျင့်ခန်းများကိုပါ ထည့်သွင်းလေ့ကျင့် သင်ကြားပေးမည့် သင်တန်းဖြစ်သည်နှင့်အညီ မိမိတို့ လေ့လာသင်ယူရမည့် အချက်အလက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူ၍ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်ပြီး အခြားသူများသို့လည်း လက်ဆင့်ကမ်းမျှဝေနိုင်သည်အထိ လေ့လာသင်ယူသွားကြပါရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

    ဆက်လက်၍ UNODC မှ Anti-Corruption Programme Manager Ms. Marie-Laure Pegie Cauchois က နှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းနည်းပြ Dr. Ramandeep Chhina အား မိတ်ဆက်ပေးသည်။ သင်တန်းသို့ ကော်မရှင်ရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးရေးမှူး(၃၀)ဦး တက်ရောက်ပြီး သင်တန်းကို ဒီဇင်ဘာလ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ (၅)ရက်ကြာပို့ချမည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ