အများပြည်သူထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အသိပေးတင်ပြချက်

  • Tue, 23 June 2020

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်

၁။      Myanmar Now သတင်းဌာနမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံ မေးမြန်းခန်းကို Facebook စာမျက်နှာပေါ်တွင် ဖော်ပြထားရာ၌ ဥပဒေဆိုင်ရာ အကောက်အယူတစ်ခုသည် သက်ဆိုင်ရာဌာန၏ တရားဝင်သဘောထားမှတ်ချက်နှင့် ကွဲလွဲမှု ရှိနေကြောင်း တွေ့ရပါသည်။

၂။            အဆိုပါစာမျက်နှာ၌ ဖော်ပြထားရာတွင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ရာဇသတ်ကြီး ပုဒ်မ ၁၆၈ သည် “ဦးပိုင်ရော အစိုးရကလုပ်တဲ့ အလုပ်တွေရော(စီးပွားရေး)၊ နိုင်ငံ့ဝန်ထမ်းတွေပါတဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံး အဲဒီပုဒ်မနဲ့ငြိတာပေါ့” ဟု  ဆိုကြောင်း ဖော်ပြထားပါသည်။

၃။       သို့ရာတွင် အဆိုပါပုဒ်မနှင့်ပတ်သက်၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်း၏ တရားဝင်ဖြစ်သော သဘောထားမှတ်ချက်၌ “ရာဇသတ်ကြီးပုဒ်မ ၁၆၈ သည် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရန် ဥပဒေအရ ပိတ်ပင်ခြင်းခံရသော ပြည်သူ့ဝန်ထမ်းအား စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းကို တားမြစ်သည့်ပြဋ္ဌာန်းချက်ဖြစ်သည်”ဟု ဖော်ပြထားပါ သည်။ ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် လွန်ခဲ့သော ၂၇ နှစ်ခန့်က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တွင် အစုရှယ်ယာအတွက် ငွေကျပ်နှစ်သိန်းထည့်ဝင်ခဲ့ခြင်းသည်  စီးပွားရေးလုပ်ငန်း လုပ်ကိုင် ခြင်းမဟုတ်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၁၆၈ နှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးတင်ပြ အပ်ပါသည်။

၄။         ထို့အပြင် လူမှု့ကွန်ယက်စာမျက်နှာများတွင် ယင်းကိစ္စအပေါ် သဘောထားမှတ်ချက် များ ပေးကြရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၁ နှင့်လည်း ငြိစွန်းနေသည့်  သဘောဖော်ပြကြသည်ကိုလည်း တွေ့ရှိရပါသည်။

၅။        အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၁ သည် ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူက ပူးတွဲတာဝန်ထမ်းဆောင်ခြင်း မပြုရသည့် အလုပ်တာဝန် အမျိုးအစားများကို သတ်မှတ်ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်ပါသည်။ ပုဒ်မ ၁၁(ဂ) တွင် ကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူသည် အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းတွင် အကျိုးအမြတ် သို့မဟုတ် ဝင်ငွေခွဲဝေရယူရန်  လုပ်ကိုင်ခြင်း မပြုရကြောင်း ပြဋ္ဌာန်းထားပါသည်။ ကော်မရှင်ဥက္ကဋ္ဌသည် လွန်ခဲ့သော ၂၇ နှစ်  ခန့်က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အစုရှယ်ယာအတွက် ငွေကျပ်နှစ်သိန်း  ထည့်ဝင်ခဲ့ ခြင်းသည် ယင်းကုမ္ပဏီတွင် အကျိုးအမြတ် ရရှိရန် သို့မဟုတ် ဝင်ငွေရရှိရန် အလုပ်လုပ် ကိုင်နေခြင်း မဟုတ်သဖြင့် ယင်းဥပဒေ ပုဒ်မ ၁၁ နှင့်လည်း အကျုံးဝင်ခြင်းမရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

၆။        ကော်မရှင်က ယခုကဲ့သို့ ပြန်လည်ရှင်းလင်းတင်ပြရခြင်းသည် သူတစ်ဦးဦးက တမင် ရည်ရွယ်ချက်နှင့် မှားယွင်းစွာပြုလုပ်သည်ဖြစ်စေ၊ ရည်ရွယ်ချက်မပါဘဲ မှားယွင်းခဲ့သည် ဖြစ်စေ မီဒီယာမှတဆင့် လွဲမှားသော ဥပဒေအကောက်အယူများကို ကျယ်ပြန့်စွာ ဖြန့်ချီခဲ့ ခြင်းသည် အခြေခံပြည်သူလူထုအတွင်း အသိအမြင်လွဲမှားမှုများကို ဖြစ်စေနိုင်သည့်အပြင် ယင်းလွဲမှားမှုများမှတဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကိုပါ ထိခိုက်လာနိုင် ပါသဖြင့် ပြန်လည်တည့်မတ်မှန်ကန်ရေး ပြုပြုင်ပေးနိုင်ရန်အတွက်သာရည်ရွယ်ပါသည်။

၇။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄ တွင် ရည်ရွယ်ချက်များကို အောက်ပါ အတိုင်းပြဋ္ဌာန်းထားပါသည်-

          (က)     အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊

          ( ခ)      သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊

          ( ဂ)      အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာစေရန်၊

         (ဃ)       အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်

                       အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊

          (င )      အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊

          (စ )     တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့်

                     စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်။

၈။      သို့ဖြစ်ပါ၍ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ခိုင်မာစွာရပ်တည် ဆောင်ရွက်နေသော စည်းမျဉ်းစံနှုန်းသတ်မှတ်ပြဋ္ဌာန်းချက်များကို ထိန်းကျောင်းပေးရသည့် အင်စတီကျူးရှင်း(Normative Institution)ဖြစ်သည်နှင့်အညီ အထက်ပါရည်ရွယ်ချက်များကို အရှိန်အဟုန်မပျက် အစဉ်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါ သည်။

ဆက်စပ် သတင်းများ