အသိပေးတင်ပြခြင်း

  • Mon, 9 September 2019

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့မရဲစခန်းတွင် ၆-၉-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါသတင်းနှင့် စပ်လျဉ်း၍ လူမှုကွန်ယက်စာမျက်နှာများတွင် အမြင် အမျိုးမျိုးဖြင့် သဘောထားမှတ်ချက်များ ရေးသားနေကြကြောင်းလည်း တွေ့ရှိရ ပါသည်။

        ကော်မရှင်သည် ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူးနှင့် အရာထမ်း၊ အမှုထမ်း များ၏ ကြိုးစားအားထုတ်အောင်မြင်မှုများကို အသိအမှတ်ပြုပါသည်။ စက်ရုံမှူး အပေါ် ဝန်ထမ်းများ၏ ထောက်ခံချက်အများအပြားကိုလည်း လက်ခံစဉ်းစား ပေးခဲ့ပါသည်။ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သဘောသဘာဝအရ သူတစ်ဦး တစ်ယောက်၊ ဌာနအဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွား ယှဉ်လာသည့်အခါတွင် အများပြည်သူ အကျိုးစီးပွားအတွက်ကိုသာ ဦးစားပေး ကာကွယ်စောင့်ရှောက် ရပါသည်။ ယခုကိစ္စတွင်လည်း ဥပဒေနှင့်အညီ အရေးယူရန် ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်နေသည့်အပြင် အများပြည်သူ လူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် အချိန်မီ တားဆီးကာကွယ်နိုင်ရန်အလို့ငှာ ကော်မရှင်အစည်းအဝေးတွင် လေးလေးနက်နက် စဉ်းစားချင့်ချိန်၍ ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ဆက်စပ် သတင်းများ