ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နေ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင် (စဉ်-၁၂၁၉၉)နှင့် ဓနုဖြူမြို့နယ်တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေ တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 24 March 2020

နေပြည်တော် မတ်လ(  ၂၄   )ရက်

    ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တရားသူကြီးသည် ဓနုဖြူမြို့နယ် တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇ အမှုအား အကြိမ်ကြိမ် ရုံးချိန်းခေါ်၍ အချိန်ဆွဲ စစ်ဆေးပြီး ငွေကျပ် (၅)သိန်း တောင်းယူ၍ တရားသေလွှတ်ခဲ့ခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

   တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင် သည် ဓနုဖြူမြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇ အမှုနှင့် စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံးရှေ့ လိုက်ပါဆောင်ရွက်သည့် တာဝန်ကို ထမ်းဆောင်ရာတွင် မြို့နယ်တရားသူကြီးအား တံစိုးလက်ဆောင် အဖြစ်ပေးရန် ၎င်း၏အမှုသည်ထံမှ ၁-၄-၂၀၁၉ ရက်နေ့ နှင့် ၅-၄-၂၀၁၉ ရက်နေ့ တို့တွင် ငွေကျပ် (၅)သိန်းကို တောင်းခံ ရယူခဲ့ကြောင်း၊ ၁-၄-၂၀၁၉ ရက်နေ့တွင် ဓနုဖြူမြို့နယ်တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေ သည် အမှုသည်အား တရားခွင်ရုံးခန်းအတွင်းခေါ်၍ စွဲဆိုထားသည့် အမှုအား တရားသူကြီးမှ တရားသေ လွှတ်ပေးရန်အတွက် မြို့နယ်တရားသူကြီးအား ငွေကြေးကန်တော့ရန် တိုက်တွန်းခဲ့ကြောင်းနှင့် အမှုသည်ထံမှ ငွေကြေးတောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနေ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင် (စဉ်-၁၂၁၉၉)နှင့် ဓနုဖြူမြို့နယ်တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့မရဲတပ်ဖွဲ့စခန်းတွင် ၂၃-၃-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ