အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲပြုလုပ်

  • Fri, 6 March 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲပြုလုပ်


နေပြည်တော်၊ မတ်လ  ၆


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနားအား ၆-၃-၂၀၂၀ ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၃၅)ဦး၊ စုစုပေါင်း (၁၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ကို ဖေဖော်ဝါရီလ (၁၀) ရက်မှ မတ်လ (၆)ရက်နေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်လိုသူများအား အရည်အချင်းစစ် ရေးဖြေစာမေးပွဲ‌ဖြေဆိုခြင်း၊ လူတွေ့စစ်ဆေး ခြင်း၊ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် စိတ်အခြေအနေ စစ်ဆေးခြင်းများတွင် ဖြေဆိုအောင်မြင်သည့် ဒုတိယစုံစမ်းရေးမှူး (၂၅)ဦး၊ လက်ထောက်စုံစမ်းရေးမှူး (၃၀)ဦးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး (၈၀)ဦး၊ စုစုပေါင်း (၁၃၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ် ဥပဒေများ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်  တားဆီးကာကွယ်ရေး ဘာသာရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကျင့်ဝတ်၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုများ၊ အဂတိလိုက်စားမှုဆိုင်ရာ တိုင်းတာခြင်း စသည့် ဘာသာရပ်များအား ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ကော်မရှင်ရုံးတို့မှ သင်တန်းနည်းပြများက ပို့ချခဲ့ပါသည်။


သင်တန်းဆင်းပွဲ အခမ်းအနားတွင် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀)၌ ပထမ ရရှိသော ဒေါ်အိရွှေဇင်အောင် ၊ ဒုတိယ ရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယ ရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ကော်မရှင် အတွင်းရေးမှူးကလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား/သူများကိုယ်စား ဦးကောင်းထက်လင်း အား ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကလည်းကောင်း ပေးအပ်ခဲ့ပါသည်။


အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ပြောကြားခဲ့သော သင်တန်းဆင်း အမှာစကား အပြည့်အစုံအား ဖတ်ရှုနိုင်ရန် ပူးတွဲလျက် ဖော်ပြအပ်ပါသည်။

ဆက်စပ် သတင်းများ