"အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ယူမှု" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်မြို့၌ ကျင်းပခြင်း

  • Mon, 24 June 2019

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏နည်းပညာအကူအညီဖြင့် "အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ တာဝန်ယူမှု" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင်  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

    ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်သူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးခြင်းသည် နိုင်ငံတော်အတွက် အဂတိကင်းစင်သော အဖွဲ့အစည်းရပ်ဝန်းကြီးတစ်ခုဖြစ်ပေါ်လာစေရန်ဖြစ်သည့်အတွက် မွန်ပြည်နယ်အနေဖြင့်တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းတို့ကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူ တစ်ရပ်လုံးကလည်းစုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုကိုပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် လျှော့ချနိုင်ရန်၊ အဂတိလိုက်စားမှုသိသာထင်ရှားစွာ ကျဆင်းသွားရန်နှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုဆိုင်ရာ အညွှန်းကိန်းများ သိသာထင်ရှားစွာ အဆင့်တိုးတက်လာစေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောကြားရာတွင် ကော်မရှင်အနေဖြင့် “အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ တာဝန်ယူမှု”ခေါင်းစဉ်ဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လာရောက်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပညာပေးရေးလုပ်ငန်းများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း၊ တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တုံ့ပြန်ဖြေကြားရခြင်းတို့သည် တစ်ဆက်တည်းရှိနေကြသော ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၏ အင်္ဂါရပ်များဖြစ်သည့်အပြင် ၎င်းအချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ ရေချိန်ကိုမြှင့်တင်ပေးနိုင်သော တစ်နည်းအားဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ချောမွေ့စေရေးအတွက် ထမ်းရွက်ပေးနိုင်သော ဝင်ရိုးတစ်စုံ ဖြစ်နေပါကြောင်း၊ "တာဝန်ခံမှုရှိရခြင်း"သည် မိမိဌာန၊ မိမိလုပ်ငန်း၊ မိမိလူမှုအဖွဲ့အစည်းဆိုသည့် ပုဂ္ဂလိကအကျိုးစီးပွား နယ်ပယ်ထက်များစွာကျော်လွန်၍ တွေးတောဆင်ခြင် ရှုမြင်နိုင်စွမ်းရှိရခြင်းတည်းဟူသော အရည်အချင်းတစ်ရပ် ပါဝင်ရန် လိုအပ်ပါကြောင်း၊ "တာဝန်ယူမှုရှိရခြင်း"ဆိုသည်မှာ ထုတ်ပြန်ထားသော တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် တို့ကိုသိရှိနားလည်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းမျှလောက်ဖြင့် လုံလောက်ခြင်းမရှိဘဲ အများ ပြည်သူလူထုနှင့် ထိတွေ့လုပ်ဆောင်မှုများတွင်ဖြစ်စေ၊ လုပ်ငန်းဌာနအချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း၊ လုပ်ငန်းဌာနနှင့် အဖွဲ့အစည်းကြား အပြန်အလှန်ထိတွေ့လုပ်ဆောင်မှု အားလုံးတွင်ဖြစ်စေ အများပြည်သူလူထု၏ အကျိုးစီးပွားအတွက်သာလျှင် အမြင့်မားဆုံးမျှော်မှန်းပြီး အမြင့်မားဆုံးတန်ဖိုးထားရှိရမှာဖြစ်ပါကြောင်း၊ စီးပွာရေးလုပ်ငန်းများ အနေဖြင့်ပွင့်လင်းမြင်သာမှုရှိသော တာဝန်ယူမှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများ၊ (Corporate Governance Practices) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍတွင် အကျိုးကျေးဇူးဖြစ်ထွန်း စေမှာဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလည်း များစွာတိုးတက်လာစေမှာဖြစ်ပါကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများကလည်း မိမိတို့ကိုယ်တိုင် အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိရေး တိုက်တွန်းနေကြသူများဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများတွင် တာဝန်ယူမှု ရှိခြင်းဆိုင်ရာ ပဋိညာဉ်များ၌ ပြဌာန်းထားသည့် အခြေခံမူများကို လိုက်နာကျင့်သုံးလျှက် မိမိတို့ကိုယ်တိုင်ကလည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့ကို မြှင့်တင်သွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ  မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ" ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး ကဏ္ဍ" ကုန်သည်/စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှကိုယ်စားလှယ်  ဦးဝင်းမြင့်အောင် (Director of City Mart Group) က  " တာဝန်ယူမှုရှိသော စီးပွားရေးကဏ္ဍ "   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးဒေါ်အေးမြတ်မွန်က "အများပြည်သူဝန်ဆောင်မှုလုပ်ငန်း၌ တာဝန်ယူမှုရှိခြင်း" ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က "တာဝန်ယူမှုရှိသောစီးပွားရေး လုပ်ငန်း များ" ဒေသခံ CSO ကိုယ်စားလှယ် ဒေါ်ရည်မွန်ဆု (Executive Director, National Enlightenment Institute)က "တာဝန်ယူမှုရှိသော CSOကဏ္ဍ"၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ ကိုယ်စားလှယ် ဦးဇော်မင်းနောင်က "အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှု" ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပါသည်။ မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည် ဖြေကြားခြင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

    ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)မှ တာဝန်ရှိသူများ၊လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား(၅ဝဝ) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ