Meeting on Myanmar’s Country Review Report for UNCAC Implementation Review Cycle 2 အစည်းအဝေးအခမ်းအနား

  • Mon, 6 May 2019

Meeting on Myanmar’s Country Review Report for UNCAC Implementation Review Cycle 2 အစည်းအဝေးအခမ်းအနား


နေပြည်တော်၊ မေ (၆)

    မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC) အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ် ဒုတိယစက်ဝန်း Country Review Report ထုတ်ပြန်နိုင်ရေး Meeting on Myanmar’s Country Review Report for UNCAC Implementation Review Cycle 2 အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို Grand Amara ဟိုတယ်တွင် ယနေ့နံနက်(၀၈:၃၀)အချိန်၌ ကျင်းပသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ UNODC Country Office မှ Ms. Marie Pegie Cauchois နှင့် UNODC ရုံးချုပ်မှ Mr. Jason Reichelt တို့က အမှာစကားအသီးသီး ပြောကြားကြသည်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ကို ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး၂၀-၁၂-၂၀၁၂ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၂၃)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်း၍ ကော်မရှင်ရုံးကို ၁၀-၃-၂၀၁၄ ရက်နေ့၌ ဖွဲ့စည်းပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင် လျက်ရှိကြောင်း၊ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည် ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံအနေဖြင့် အခြားအဖွဲ့ဝင် နိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းတွင် ထိုင်းနှင့် ဘူရွန်ဒီနိုင်ငံ တို့က မြန်မာနိုင်ငံအပေါ်သုံးသပ်မှုဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တိုဂိုနိုင်ငံနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအား သုံးသပ်ခဲ့ပါကြောင်း၊ ပထမအကြိမ် ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် အကြံပြုချက်များအပေါ် အလေးထားပြီး လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒုတိယစက်ဝန်းတွင် ကွန်ဗင်းရှင်းပါ တားဆီးကာကွယ်ရေး ဆောင်ရွက်မှုများနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူခြင်း သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ကွန်ဗင်းရှင်းပြဋ္ဌာန်းချက် များအပေါ် လိုက်နာဆောင်ရွက်ခြင်းကို သုံးသပ်ရန်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ခြင်းနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဟောပြောပို့ချခြင်း၊ အသိပညာပေး ရုပ်သံဇာတ်လမ်းတိုများ၊ သတင်းထုတ်ပြန်ခြင်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကျင့်ဝတ်အား ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၁) ကို ချမှတ်ပြီး နှစ်အလိုက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ Political Will အဖြစ် ဆောင်ရွက်ခြင်းကို ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ (CPU) စတင်ဖွဲ့စည်း ဆောင်ရွက်နေခြင်းကို ကျေနပ်အားရဖွယ်မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၌သာမက နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ၊ ဒေသဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့များ နှင့်လည်းပူးပေါင်း၍ အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ Country Review Report အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက် ပထမစက်ဝန်းတွင် ပေါင်းစည်းဆောင်ရွက်ခဲ့ကြသည့်နည်းတူ ဒုတိယစက်ဝန်းတွင်လည်း ဆက်လက်၍ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ဆက်လက်၍ UNODC Country Office နှင့် UNODC ရုံးချုပ် ကိုယ်စားလှယ်တို့က အမှာစကား အသီးသီးပြောကြားကာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

    အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ UNODC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား(၁၁၀)ဦးခန့် တက်ရောက်ကြပြီးအစည်းအဝေးကို မေလ (၈)ရက်နေ့ထိ (၃)ရက်ကြာ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

 

ဆက်စပ် သတင်းများ